နွားထိုးကြီးမြို့နယ်၏မိုးနေကြာစိုက်ပျိုးထားရှိမှုနှင့် တစ်ဧကကုန်ကျစရိတ်

Powered by Drupal

              နေကြာသီးနှံသည် မြန်မာနိုင်ငံတွင် စားသုံးဆီဖူလုံရေးအတွက် အဓိကစိုက်ပျိုးကြသည့် အရေးပါသော ဆီထွက်သီးနှံတစ်မျိုးဖြစ်ကြောင်း၊  မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၏ မိုးကောင်း သောက် ယာမြေများတွင် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ဆီထွက် သီးနှံတစ်မျိုးဖြစ်သော မိုးနေကြာ သီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ မိုးနေကြာကို မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ နွားထိုးကြီးမြို့နယ် မိုးနေကြာစိုက်ပျိုးမှုအနေဖြင့် ၂၀၂၆-၂၀၂၇ မိုးနေကြာလျာထား (၃၀၅၅) ဧကတွင် အမှန်စိုက်ပျိုး ထားရှိမှု (၃၁၇၃) ဧကစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ တစ်ဧကအနေဖြင့် မျိုး(၄-၅) ပြည်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးသော မျိုးများမှာ ဆင်းရွှေကြာ မျိုး-၁၊ ဆင်းရွှေကြာမျိုး-၂ မျိုးများကိုအများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးနည်းမှာ ဘောင်ကြောင်းပေးစနစ်နှင့် ပတ်ကြဲ စိုက်ပျိုးစနစ်ဖြင့် (၂)မျိုးလုံး စိုက်ပျိုးကြ ကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၅၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၂၃) တင်းခန့် ထွက်ရှိကြောင်း၊ ယခင် နှစ်ထွက်ပေါ်ချိန်တွင် နေကြာတစ်တင်းလျှင် (၆၅၀၀၀) ကျပ်ခန့် စျေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း၊ ဒေသတွင်း နေကြာဆီ တစ်ပိဿာလျှင် (၂၁၀၀၀) ကျပ်ခန့် ဈေးနှုန်းများရှိကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀)ကျပ် ရရှိကြောင်း၊ သီးနှံပေါ်ချိန်တွင် တောင်သူများမှ ဒေသတွင်းရှိပွဲရုံများနှင့် မန္တလေးမြို့သို့ အဓိက တင်ပို့‌ကြောင်း၊ နွားထိုးကြီးမြို့နယ်အနေဖြင့် မိုးနေကြာများကို အောက်တိုဘာလကုန်တွင် စတင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ နေကြာသီးနှံသည်တောင်သူများအတွက်ကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ်ရရှိသဖြင့် ကျန်းမာရေးနှင့် ပြည့်စုံသော နေကြာသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း နေကြာစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

DOCA(မန္တလေး)