“ပူစီနံပင်တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့်ဝင်ငွေတိုး”

Powered by Drupal

             မြန်မာနိုင်ငံတွင်ဆေးဘက်ဝင်အပင်အမျိုးမျိုးရှိသည့်အနက် ပူစီနံရွက်သည်လည်းအပါအဝင် ဖြစ်ပါသည်။ မြန်မာ့အစားအသောက်တွင် ထည့်ချက်တွဲဘက်စားသောက်ရသော အမွှေးအကြိုင်တစ် မျိုးဖြစ်သည့် ပူစီနံပင်များကို ကျောက်ဆည်မြို့ အနောက်ဘက် ကြက်ဆင်ကျေးရွာတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိပါသည်။ ပူစီနံပင်ကိုရေမဝပ်သော နုံးမြေတွင် ဘောင်စနစ်ဖြင့် စိုက်ပျိုးပါက အထူးကောင်းမွန်ကြောင်း၊ ပူစီနံမျိုးစေ့များကို အပင်ပေါက်မြန်စေရန်အတွက် ရေတွင်(၂၄)နာရီစိမ်ရကြောင်း၊ တစ်ပင်နှင့်တစ်ပင်(၀.၅)လက်မခွာ၍ ဘောင်ပေါ်တွင်စတင်စိုက်ပျိုး ရကြောင်း၊ စိုက်ပျိုးပြီးပါက ရေကိုတစ်နေ့နှစ်ကြိမ်လောင်းပေးရကြောင်း၊ အပင်ပေါက်ချိန်တွင် ခါးရိရောဂါကျရောက်နိုင်သည့်အတွက် ရေကိုလျှော့လောင်းသင့်ကြောင်း၊ အပင်ပေါက်ပြီး (၄၅)ရက်သား မှစတင်၍နှုတ်ယူစားသုံးခြင်း၊ ရောင်းချခြင်းများပြုလုပ်နိုင်ပါသည်။  ပူစီနံပင်များကို တစ်ပက်လျှင် (၂)ကြိမ်နှုန်းဖြင့် ကိုင်းဖြတ်အစည်းများပြုလုပ်၍ ပူစီနံ(၅)ခက်ပါတစ်စည်းလျှင် (၁၅၀)ကျပ်နှုန်းဖြင့် ဈေးများအတွင်းရောင်းချရကြောင်း၊ ဒံပေါက်ဆိုင်၊ စမူဆာရောင်းသည့်လဖက်ရည်ဆိုင်များမှ ဖောက် သည်ယူကြကြောင်း၊ ပူစီနံပင်(၁၀)ဘောင်စိုက်ပျိုးပါက အစည်းရေ (၅၀၀-၆၀၀)စည်းခန့် ထွက်ရှိကြောင်း၊ ကိုင်းဖြတ်ယူပြီးသည့် ပူစီနံပင်များအား အတက်မွေးမြူရန်အတွက် သွင်းအားစုများ ထည့်သွင်းမွေးမြူရကြောင်း၊ ပူစီနံစားသုံးခြင်းဖြင့်ရင်ကျပ်ပန်းနာရောဂါကို ပျောက်ကင်းသက်သာစေပြီး အစာအိမ်အူလမ်းကြောင်းရှင်းစေသဖြင့် နေ့စဉ်စားသုံးသင့်ကြောင်း ပူစီနံနှင့်ကျန်းမာရေး စာစောင်များမှ ဖတ်ရှုရပါသည်။ နေ့စဉ်ဝင်ငွေရှိပြီး စိုက်ပျိုးစရိတ်သက်သာသည့် နှစ်ရှည်သီးနှံပူစီနံပင်ကို တောင်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)