တောင်ငူမြို့မှ တို့ဟူးသုပ်

Powered by Drupal

      မြန်မာလူမျိုးအများစုသည် နံနက်ခင်း အဆာပြေအတွက် ထမင်းကြမ်းစာခြင်း အလ့အထ ရှိပါသည်။ ထိုသို့ ထမင်းကြမ်းစားရာတွင် တောင်ငူဒေသခံ အများစုမှာ တို့ဟူးသုပ်ကို ထမင်းကြမ်းနှင့် တွဲလျှက် နှစ်သက်စွာ စားသုံးလေ့ရှိကြပါသည်။

     တို့ဟူးသုပ်ပြုလုပ်ပုံမှာ ပဲမှုန့်အစိမ်း တစ်ဆလျှင် ရေနှစ်ဆ၊ ဆား၊ အရသာမှုန့်၊ နနွင်းမှုန့် သင့်တင့်အောင်ထည့်၍ ပဲမှုန့်များကြေအောင် နယ်ရပါသည်။ နယ်ပြီးလျှင် ကျိုမည့်အိုးထဲသို့ထည့်၍ မွှေပေးရပါသည်။ ပဲမှုန့်အနေအထား ပျစ်လာလျှင် နောက်ထပ် ၁၅ မိနစ်၊ ၂၀ မိနစ်ခန့်ထားပြီး မီးဖို ပေါ်မှချလျှင် အသင့်သုပ်စားနိုင်သော တို့ဟူးတုံးများ ရရှိပါပြီ။ တို့ဟူးသုပ်ရာတွင် ပါဝင်သောပစ္စည်း များမှာ ကြက်သွန်ဖြူဆီချက်၊ မန်ကျီးမှည့်အချဉ်ရည်နှင့် ကျိုချက်ထားသော ငံပြာရည်တို့ ပါဝင်ပါ သည်။ တို့ဟူးတုံးအား ပါးပါးလှီး၍ ဆီချက်၊ ရသာမှုန့်အနည်းငယ်၊ အချဉ်ရည်၊ အငံရည်နှင့် အစပ် ကြိုက်သူများ ငရုပ်သီးမှုန့်ထည့်၍နယ်ပြီး နံနံပင်၊ ဂေါ်ဖီထည့်လိုက်လျှင် ပြည့်စုံသော တို့ဟူးသုပ် (၁)ပွဲ ရပါပြီ။

     တောင်ငူမြို့၊ ရပ်ကွက်လမ်းဆုံတိုင်း လိုလိုတွင် တို့ဟူးသုပ်ဆိုင်များ ရှိပါသည်။ တောင်ငူ မြို့သူမြို့သားများအနေဖြင့် အခြားဒေသသို့ သွားရောက်ရာတွင် တို့ဟူးသုပ်ကို လွမ်းရသည်အထိ နှစ်ခြိုက်ကြပါသည်။ တို့ဟူးသုပ်တစ်ထုပ်လျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ ရောင်းချပေးလျှက်ရှိ ကြောင်း တောင်ငူမြို့ ကန်လမ်းရှိ တို့ဟူးသုပ်သည်တစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

DOCA(ပဲခူး)