စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၈.၉.၂၀၂၂ ရက်နေ့ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ဗန်းမော်မြို့နယ်အကောက်ခွန်ဦးစီးဌာန၌ ဆန်၊ပဲ၊ ပြောင်း၊နှမ်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ ဆွေးဆွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ် မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေ ရမည့်တန်ဖိုးကို စားသုံးသူကဝယ်ယူအသုံးမပြုမီသိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြု ထားသော အာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှုကိစ္စရပ်များဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့်ဆုံးဖြတ်ချက်ကို အလေးထားလိုက်နာဆောင်ရွက်သွားရန် တို့သည် စီးပွားရေးလုပ်ငန်းရှင်များ၏ မဖြစ်မနေဆောင်ရွက်ရမည့် တာဝန်များဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်း၍ ခရိုင်ဦးစီးမှူးမှ ပြန်လည် ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အကောက်ခွန်ဝန်ထမ်း(၅)ဦး၊ စီးပွားရေး လုပ်ငန်းရှင် (၂၇)ဦး စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ပါသည်။
DOCA(ကချင်)