ပခုက္ကူမြို့၌ ဩဂုတ်လ(တတိယပတ်)တွင် ကျွန်းစားတော်ပဲများ ဈေးဆက်လက်မြင့်တက်နေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှုမြင့်မားလျက် ရှိသော စားတော်ပဲများ တက်ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ဈေးကွက်သို့ ကျွန်းစားတော်ပဲစိုက်ပျိုးမှုများသော ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ပေါက်၊ ဆိပ်ဖြူမြို့မှ ထွက်ရှိသောစားတော်ပဲများ ပွဲရုံများသို့နေ့စဉ် ဝင်ရောက်ကြောင်း၊ သီးနှံ(အသစ်)ပေါ်ချိန်တွင် ဈေးအေး၍အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြည်တွင်းစားသုံးမှု များ၍ စားတော်ပဲဈေးတရိပ်ရိပ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

              ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် စားတော်ပဲဈေး တရိပ်ရိပ် ဆက်လက်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းပဲလက်ကျန်နည်းပြီး စားသုံးမှု ဝယ်လိုအားမြင့်မားလျက်ရှိ၍ ဈေးမြင့်တက်ကြောင်း၊ ကျွန်းစားတော်ပဲ တစ်တင်းလျှင် ကျပ် (၂၂၀၀၀၀-၂၁၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယောစားတော်ပဲတစ်တင်းလျှင် ကျပ်(၁၇၀၀၀၀-၁၆၅၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး သီးနှံပေါ်စ မတ်လကုန်ပိုင်းတွင် ကျွန်းစားတော်ပဲတစ်တင်း ကျပ်  (၁၂၀၀၀၀-၁၀၀၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သီးနှံပေါ်စအချိန်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျွန်းစားတော်ပဲတစ်တင်းလျှင် ကျပ်(၁၀၀၀၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရ သည်။ စားတော်ပဲသီးနှံပြည်တွင်းစိုက်ပျိုးမှုနည်းပြီး နေ့စဉ်စားသုံးမှုများလျက်ရှိသော သီးနှံဖြစ်သည်။ ယခုနှစ်တွင် စားတော်ပဲသီးနှံဖြစ်ထွန်းမှုနည်း၍ ဈေးကွက်သို့သီးနှံဝင်ရောက်မှု နည်းခြင်းကြောင့် ဈေးကွက်တွင် ပဲလက်ကျန်နည်းပြီး ဝယ်လိုအားကောင်း၍ ဈေးတက်ကြောင်း၊ ပြည်တွင်းစားသုံးမှုအနေဖြင့် မြန်မာလူမျိုးများသည် စားတော်ပဲသီးနှံကို မြန်မာ့ရိုးရာအစားအစာအဖြစ် နေ့စဉ်စားသုံးခြင်း အပြင် လုပ်ငန်းရှင်များမှလည်း စားသောက်ကုန်မျိုးစုံ ထုတ်လုပ်ရောင်းချလျက်ရှိ၍ တစ်နှစ်ပတ်လုံး စားသုံးသည့်သီးနှံတစ်မျိုးဖြစ်ပြီး ယခုအချိန်တွင်ဒေသတွင်းပဲလက်ကျန်နည်းပြီး ဝယ်လိုအားကောင်း၍ ပြည်တွင်းစားတော်ပဲ ဈေးကွက်စံချိန်တင် အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြာင်း သိရှိရသည်။

DOCA(မကွေး)