မိမိတို့ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံနိုင်ရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသင့်ပြီး ပြည်တွင်းပဲ၊ နှမ်းဈေးကွက်တွင်လည်း ဆီထွက်သီးနှံများ ဈေးကောင်းရရှိနေ၍ လာမည့်ရာသီ တွင်လည်း ဈေးကွက်ကောင်းရနိုင်သဖြင့် ဆီထွက်သီးနှံများကိုတိုးချဲ့စိုက်ပျိုးရန်လို အပ်ပါသည်။
ရွှေဘိုခရိုင်ရှိ မြို့နယ်များတွင် ၂၀၂၂-၂၀၂၃ခုနှစ် ဆီထွက်သီးနှံ(မိုး) (၂၀၁၇၆၅)ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လဆန်းပိုင်းမှစတင်၍ စိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ မြေပဲ (၁၅၉၁၂၉) ဧက၊ နှမ်း(မိုး) (၄၆၆၄၁)ဧက၊ နေကြာ (၆၁၁၂)ဧက စုစုပေါင်း (၂၁၁၈၈၂)ဧက စိုက်ပျိုးပြီးစီး ကြောင်း၊ အလားတူစွာ ၂၀၂၁-၂၀၂၂ခုနှစ် တွင်ဆီထွက်သီးနှံ(မိုး) (၁၉၈၀၁၉)ဧက စိုက်ပျိုးရန်လျာထားပြီး မြေပဲ(၁၅၂၁၀၈)ဧက၊ နှမ်း(မိုး) (၄၃၅၉၂)ဧကနှင့် နေကြာ( ၆၀၄၆)ဧက ဆီထွက်သီးနှံစုစုပေါင်း (၂၀၁၇၄၆)ဧက စိုက်ပျိုးခဲ့သဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဆီထွက်သီးနှံ (၁၀၁၃၆)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနမှ သိရသည်။
ယခုလအတွင်း မိုးမြေပဲလှိုင်လှိုင်ပေါ်ချိန် ဖြစ်သည့်အပြင် ရွှေဘိုမြို့ရှိ ပဲ၊နှမ်းကုန်စည်ဒိုင် အနေဖြင့်လည်း ဩဂုတ်လ နောက်ဆုံးပတ်မှစ၍ မြေပဲဆံများ အဝင်များခဲ့ပြီး မြေပဲဆံပေါ်ချိန် တစ်ပိဿာလျင် (၆၁၀၀)ကျပ်ခန့်ရှိကြောင်း၊ ယခုအပတ်တွင် မြေပဲဆံ တစ်ပိဿာလျှင်(၆၆၅၀)ကျပ် ဖြင့် တစ်ရက်လျင်(၉၀၀)တင်းခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA(စစ်ကိုင်း)