
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၄.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မေခနှင့် IVORY(မုန့်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေး)ဆိုင်ရှိ အေးခဲအစားအစာ အမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရွှေဘိုမှမန္တလေးသို့ ပုံမှန်သွားလာရသည့် ကားလမ်းမှာပိတ်ထားပြီး ပတ်လမ်းမှလာရသောကြောင့် လမ်းခရီးကြာချိန်မှာ ပုံမှန်(၀၇:၀၀)နာရီကျော် ကြာမြင့်သည့်အတွက် အေးခဲအစားအစာများအား အအေးခန်းကားများဖြင့် သယ်ဆောင်လာသော်လည်း လမ်းခရီးကြာချိန်(၀၄:၀၀)နာရီကျော်ပါက အေးခဲအစားအစာများ အရည်ပျော်သွားပြီး အရည်အသွေးပျက်စီးနိုင်သောကြောင့် ဆိုင်များမှမှာယူရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ အေးခဲအစားအစာများ ရောင်းချမှုမရှိသော်လည်း ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ အကြောင်းများ၊ အေးခဲအစားအစာအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေ သောလုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)