
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်တွင် ၊ မိသားစု စားဝတ် နေရေးအတွက် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေရရှိရန်အတွက်သော်လည်းကောင်း ဝါသနာအရသော်လည်း ကောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ခွပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့်ပါ ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။
ဥယာဉ်ခြံလုပ်ကိုင်သူ တောင်သူအများစုသည် သစ်ခွပန်းပင် စိုက်ပျိုးရန်အတွက် ပန်းပျိုးပင်မျာကို ပြင်ဦးလွင်မြို့၊ ရှမ်းပြည်နယ်၊ ရန်ကုန်မြို့နှင့် လားရှိုးမြို့တို့မှ မှာယူကာ မိမိအိမ်ရောက်မှသာ အလှပန်းအိုး အရွယ်အစား အမျိုးမျိုးဖြင့် စနစ်တကျပြုစုစိုက်ပျိုးရပါသည်။ သစ်ခွပန်းပင်သည် ရေအစိုဓါတ် ရယုံသာ လို အပ်ပြီး ရေအိုင်နေသည်ကို မနှစ်သက်ပါ ထို့ကြောင့် သစ်ခွစိုက်သည့်အိုးမှာ ရေထွက်ပေါက်များစွာရှိပြီး ရေထွက်ပေါက်မပိတ်စေရန် အုတ်ခဲကျိုး၊ အိုးကွဲများခံပြီးနောက် ပျိုးခံပစ္စည်းများထည့်ပေးရပါသည်။ ပျိုးခံ ပစ္စည်းများအဖြစ် မီးသွေးခဲ၊ အုတ်ခဲကျိုး၊ အုန်းဆံဖတ် နှင့် သစ်ခေါက်ဖတ်စသည်တို့ ရောစပ်၍ ထည့်ပေး ရပါသည်။ အုတ်သစ်ခွပန်းမျိုးစိတ်ပေါင်းများစွာရှိသည့်အနက်မှ ဒေသအတွက် ရောင်းအားကောင်းသည့် မျိုးများမှာ ဒန်တို၊ ကက်တလီယာ မျိုးကွဲများဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ် ကျွန်းလှမြို့၏ သစ်ခွပန်းပျိုးပင် ဈေးနှုန်းနှင့် သစ်ခွပန်းအပွင့် ဈေးနှုန်းအနေဖြင့် ကက်တလီယာ သစ်ခွပျိုးပင်သည်(၂၀၀၀၀ မှ ၃၅၀၀၀)အထက်ဈေးအမျိုးမျိုးရှိပြီး ကက်တလီယာ သစ်ခွပန်းပွင့် တစ်ပွင့်လျှင်(၁၀၀၀)ကျပ် နှင့် ဒန်တိုသစ်ခွပျိုးပင် တစ်ပင်လျှင်(၂၀၀၀၀)ကျပ် ဈေးနှုန်း မှစရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိကြောင်း ဒန်တို သစ်ခွပန်း တစ်ပွင့်လျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း ပန်းဥယာဉ် စိုက်ပျိုး ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)