
ဘဲကိုလွန်ခဲ့သော နှစ်ပေါင်း (၄၀၀၀)ကျော်ကပင် အိမ်မွေးတိရိစ္ဆာန်များအဖြစ် စတင်မွေးမြူခဲ့ကြပါသည်။ ဘဲမွေးမြူရေးကို မြန်မာပြည်အနှံ့အပြားစီးပွားဖြစ်သောလည်းကောင်း၊ တစ်ပိုင် တစ်နိုင်အဖြစ်သောလည်းကောင်း မွေးမြူခဲ့ကြပါသည်။ ဘဲမွေးမြူရာတွင် မိုးရွာသွန်းမှုအကောင်းဆုံး မြို့နယ်များတွင် အများဆုံးမွေးကြသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့တွင် ဘဲကိုအများဆုံး မွေးမြူလျက်ရှိကြောင်း သိရှိရပါသည်။ ၄င်းဒေသများသည် မြစ်ချောင်း၊ အင်းအိုင်နှင့် ရေနက်ကွင်းစသည့်နေရာပေါ်များသည့်အတွက် ဘဲများ၏ သဘာဝ ဓလေ့နှင့်ကိုက်ညီပြီး ၎င်းတို့လိုအပ်သည့် အစားအစာများကို အလွယ်တကူစားသောက်နိုင်သဖြင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး ဘဲမွေးမြူရာ၌ အရင်းအနှီး နည်းပါးပြီး စီးပွားရေးအကျိုးအမြတ်ပိုမိုရရှိနိုင်ပါသည်။ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာ၌ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း (၇၀%)သည် အစာအာဟာရ ဝယ်ယူကျေးမွေးစရိတ်ဖြစ်သည့်အတွက် ယခုကဲ့သို့ သဘာဝအစားအစာပေါများသည့် နေရာဒေသများတွင် ဘဲမွေးမြူရန်အတွက် ပို၍ အကောင်းဆုံးခွင့်လမ်းတစ်ခုဖြစ်ပါသည်။ ယခုအခါ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင်လည်း တစ်ပိုင်တစ်နိုင် ဘဲမွေးမြူလာသည်ကိုလည်း နေရာဒေသအတော်များများတွင် တွေ့ရှိခဲ့ရပါသည်။ ယခု ဘဲမွေးမြူသူများသည် အစားအစာစရိတ် သက်သာစေရန်အတွက် လူကိုယ်တိုင်ဘဲအုပ်များကို စပါးခင်းများအတွင်း လွှတ်ကျောင်းစေကာ စပါးခင်းအတွက်လည်း ပေါင်းပင်နှင့်ပိုးမွှားများ ရှင်းလင်းစေပြီး၊ စပါးခင်းအတွက်လည်း အထူးကောင်းမွန်စေပါသည် ။ ဘဲများသည် အာဟာရဓါတ်များ နေ့စဉ်မှန်မှန်စားသုံးရသည့်အတွက် ဘဲဥများပိုမိုဥချနိုင်ပြီး ဘဲအုပ် အကောင်(၁၀၀)မွေးမြူထားပါက ဘဲဥအလုံးရေ (၁၅၀-၂၀၀)လုံး ရရှိကြောင်း၊ ဘဲဥစျေးနှုန်းအနေဖြင့် တစ်လုံးလျှင် လက်လီ(၇၀၀-၈၀၀)ကျပ်၊ လက်ကားစျေး(၅၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး မိသားစု စားဝတ်နေရေး အဆင်ပြေစေသော ဘဲများကို တစ်ပိုင်တစ်နိုင် မွေးမြူသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)