ပင်လုံဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၄.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၄၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦး စီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ(၃)ဦး၊ ဆီလုပ်ငန်းရှင်များအသင်းမှ(၁)ဦး၊ တို့ ပူးပေါင်းပါဝင်လျက် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ပင်လုံဈေးရှိ ဒေါ်အေးအေးသွယ် လက်လီကိုယ်စား ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးတာဝန်ခံမှ ပူးပေါင်းပါဝင်လျက် ဒေါ်အေးအေးသွယ်လက်လီ အရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ ရရှိသော ခွဲတမ်းအား စာအုပ်စနစ်ဖြင့် ဖြန့်ဝေလျက်ရှိပါကြောင်း၊ ရောင်းချချိန်ကိုလည်း နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ရပ်ကွက်အလိုက် ရောင်းချ ပေးပါကြောင်း၊ ထုတ်ရန်ကျန်သော စာအုပ်များကိုလည်း နောက်တစ်နေ့တွင် ပြန်လည်ထုတ် ပေးပါကြောင်း၊ ရောင်းချမှုလက်ခံပြေစာများလည်း ထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း များရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)