
ပြည်မြို့နယ်အတွင်း စားသောက်ကုန်နှင့် လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာ အသား/ ငါးဈေးနှုန်းများလည်း မြင့်တက်လျက်ရှိကြောင်းသိရသည်။ အသား/ငါး များထဲမှ ငပိကောင်များလည်း ဈေးကောင်းရ အရောင်းသွက်ကြောင်း သိရပါသည်။
ငါးဖမ်းမငါးကို လူကြိုက်များလှသည်။ ထိုငါးကို ငါးပိကောင်ပြုလုပ်ပြီး ငါးဖမ်းမငပိ ကောင်ဟု ခေါ်ဆိုပြီး ရောင်းချကြပါသည်။ ငါးဖမ်းမငါး၏ ဗိုက်ထဲမှ ကလီစာများကိုထုတ်ကာ ဆေးကြောသန့်စင်ပြီးပါက ခွဲထားသော ငါးဗိုက်ထဲသို့ ဆားအပြည့်သိပ်ရပါသည်။ ပြီးလျှင် အိုးတစ်လုံးထဲသို့ ဆားသိပ်ထားသော ငါးများကို ဖိသိပ်ပြီး တစ်ညသိပ်ထားကြောင်းသိရသည်။ နောက်တစ်နေ့ မနက်ရောက်ပါက အိုးထဲမှ ငါးများကို ပြန်ထုတ်ပြီး နေတစ်နေလောက်ပြ ရပါသည်။ နေ့တစ်နေပြပြီးပါက ငါးကို အိုးထဲသို့ပြန်ထည့်ပြီးသိပ်ထားရပါသည်။နောက်နှစ်ရက် နေလျှင် ငပိကောင်ဖြစ်သွားကြောင်းသိရသည်။ ငါးဖမ်းမငပိကောင်ကို ကြော်၍လည်းကောင်း၊ ကင်း၍လည်းကောင်း၊ သံပုရာရည်ညှစ်ပြီး စပါက အရသာအလွန်ကောင်းမွန်ကြောင်း သိရသည်။ ငါးဖမ်းမ ငပိကောင်များသည် ဈေးကွက်တွင် နေရာရသော ငါးတစ်မျိုးဖြစ်ပြီး လူကြိုက်များကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၊ တတိယပတ်တွင် ပြည်မြို့နယ်၊ မြို့သစ်ဈေးတွင် ရောင်းချလျက်ရှိသော ငါးဖမ်းမ ငပိကောင်များကို အုတ်ဖိုမြို့မှ အများအပြား လာရောက်ရောင်းချကြောင်း သိရသည်။ ဈေးနှုန်းများမှာ ငါးဖမ်းမ ငပိကောင် အကောင်ကြီး (၁၀)ကျပ်သားလျှင် (၂၈၀၀)ကျပ်၊ အကောင်သေး (၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငပိကောင်ရောင်းချသူတစ်ဦးထံမှ သိရသည်။
DOCA(ပဲခူး)
