
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စီးပွားရေး လုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်း ဖော်ပြရေးအတွက် ဒေသတွင် တစ်ပိုင်တစ်နိုင် မုန့်ထုတ်လုပ်သူ လုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို (၁၆.၉.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁)နာရီအချိန်တွင် ပန်းတနော် မြို့နယ်ဦးစီးမှူးရုံးတွင် မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ် ငန်းရှင် ၃၀ဦး အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဆွေးနွေးရာ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်းရှင်းလင်းခြင်း, စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများခန့်အပ်၍ ဈေးကွက်မရောက်မီကုန်စည်၊ ဈေးကွက်ရောက်ပြီး ကုန်စည်များကို စောင့်ကြည်စစ် ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုး တွင်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက် နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း လုပ်ငန်းရှင်များက လည်း သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(ဧရာဝတီ)