
ညောင်ဦးမြို့တွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုးဇုန်းလွှာထိန်းသိမ်းရေးနေ့ကို အထိမ်းအမှတ် အခမ်း အနားကို ညောင်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အနော်ရထာခန်းမတွင် (၁၆.၉.၂၀၂၅) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပခဲ့ပါသည်။
ကမ္ဘာ့အိုဇုန်းလွှာသည် ကမ္ဘာမြေကြီးအတွက် လွန်စွာမှကိုအရေးကြီးသည်ဖြစ်ရာ ‘‘အိုဇုန်းလွှာ ကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး’’ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အိုဇုန်းလွှာသည် လူသားအားလုံးအတွက်သာမက လက်ရှိကမ္ဘာဂြိုလ်အား သက်ရှိကမ္ဘာဂြိုလ်အဖြစ် ဆက်လက်တည်တံ့နိုင်ရေးအတွက် အရေးကြီးသောကြောင့် ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပသော (၄၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်လက်မှတ်ရေးထိုးသည့် စက်တင်ဘာလ ၁၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့(International Day for the Preservation of the Ozone Layer )အဖြစ် သတ်မှတ်ခဲ့ကာ အထိမ်းအမှတ်အခမ်းအနားများနှင့်လှုပ်ရှားမှုများကို မွန်ထရီရယ် နောက်ဆက်တွဲ စာချုပ်အဖွဲ့ဝင်နိုင်ငံများတွင် ၁၉၉၅ ခုနှစ်မှစ၍ ပြုလုပ်ခဲ့ကြပါသည်။
၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့(World Ozone Day)အဖြစ် အမည်ပြောင်း လဲသတ်မှတ်ခဲ့ပြီး မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ တွင်လည်း အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့်အသိပညာပေး အစီအစဉ် များကို ၂၀၁၂ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပပြုလုပ်လာခဲ့ကြပါသည်။
ညောင်ဦးမြို့အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်သော ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အခမ်း အနားတွင် အထက်တန်းအဆင့်စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီမြှင့်ခဲ့ကြောင်းနှင့် အဆိုပါ အထိမ်း အမှတ်အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)