
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ် (၁၀)နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းအမှတ်စဥ်(၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ၁၀.၁၀.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီက သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်း လက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးအတွက် ဘက်စုံ ပညာရေးကဏ္ဍများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသလို အိမ်တွင်းမှုသင်တန်းများကိုလည်း စဥ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးနေကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းများတွင် ထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ် ချီးမြှင့်ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးမှ သင်တန်းကျောင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီးများက သင်တန်းသူများ ချုပ်လုပ်ထားသည့် လက်ရာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(မုဒုံ)ကို ၂၀၀၅ ခုနှစ် မေလမှစတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အခြေခံအိမ်တွင်းမှုသင်တန်း ၁၆၈၂ ဦး၊ အဆင့် မြင့် စက်ချုပ်သင်တန်း ၄၄၆ ဦး၊ ကြိမ်/ဝါးသင်တန်း ၃၇ ဦး၊ ဟင်းလျာသင်တန်း ၉ ဦး၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း ၃၀၄ ဦး၊ မွန်ရိုးရာလက်ရက်ကန်းသင်တန်း ၁၀၄ ဦး စုစုပေါင်းသင်တန်းသူ ၂၅၈၂ ဦးကို မွေးထုတ်သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ကြောင်း သိရသည်။
DOCA (မွန်)
