ပဲခူးမြို့ဒေသထွက် ငါးရံ့ခြောက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထားသော တိုင်းတစ်တိုင်းဖြစ်သည်နှင့်အမျှ မြစ်ချောင်း အင်းအိုင်ပေါများသောကြောင့် ရေထွက်ပစ္စည်းများဖြစ်သော ငါးပိ၊ ငါးချဉ်၊ ငါးခြောက်များ လည်းထွက်သည့်အနက် ပဲခူး ဒေသထွက် ငါးရံ့ခြောက်သည် နာမည်ကြီးလှပေသည်။ ပဲခူးဒေသထွက် ငါးရံ့ခြောက်သည် ဆားပေါ့၍ အပေါ့ခြောက် ဖြစ်သည့်အတွက် လူကြီး၊ လူငယ်၊ ကလေး၊ သွေးတိုး၊ ဆီးချိုသမားပါမကျန် စားသုံးနိုင်သောကြောင့် လူကြီးများအား လက်ဆောင်ပေးခြင်းအတွက်သော် လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း၊ ဝယ်ယူလျက်ရှိကြပါသည်။

        ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံများကို ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင် မြို့နယ်များရှိ ရေချိုအင်းအိုင်များမှ အများဆုံးရရှိလျက်ရှိပြီး ရရှိလာသော ငါးရံ့များကို အကြေးထိုး၊ ခေါင်းဖြတ်၊ ဗိုက်ခွဲ အူထုတ်ပြီး ခွဲသည့်အခါ ပုံကျအောင် စနစ်တကျခွဲရသည်။  ခွဲပြီးသော ငါးရံ့များကို ငါးရံ့အစိမ်း အချိန် (၁၀၀)လျှင် ဆား ၃ ပိဿာ ၅၀ နှုန်းဖြင့် နှပ်ပြီး တစ်ညစိမ်ရကာ မနက် ရောက်လျင် ရေစင်အောင် လေးထပ်လောက်ဆေးပြီး နေလှမ်းရပါသည်။ နေလှမ်းသည့်အခါတွင် နွေတွင်း ဆိုလျှင် နှစ်ရက်လောက်ဖြင့် ခြောက်ပြီး ဆောင်တွင်းနှင့် မိုးတွင်းဆိုလျှင် မီးအပူဖြင့် ကျတ်တင်၍ ခြောက်အောင် လှမ်းရပါသည်။

        ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံအစို တစ်ပိဿာကို ၁၆၀၀၀ ကျပ်မှ  ၁၈၀၀၀ ကျပ်အထိ အကောင်၊ အကြီး၊ အသေးပေါ်မူတည်၍ ဝယ်ယူရပြီး အဆိုပါ ငါးအစိုတစ်ပိဿာကို ခွဲခြမ်းပြီး နေလှန်း ရာတွင် ငါးခြောက်အဖြစ် ၂၅ ကျပ်သားမှ ၃၀ ကျပ်သားခန့် ထွက်ရှိပါသည်။  ငါးရံ့ခြောက် ထုတ်လုပ်သူများအနေဖြင့် ငါးရံ့အစိုတစ်ပိဿာကို အခြောက်ပြုလုပ်ရာတွင် ခန့်မှန်းကျပ်ကျငွေ ၃၀၀၀၀ ကျပ်ဖြစ်ပြီး ငါးရံ့ခြောက်တစ်ပိဿာကို ၅၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်ဈေးအထိ ရောင်းချလျက်ရှိပါ သည်။ ပဲခူးဒေသထွက် ငါးရံ့ခြောက်များကို နယ်ဘက်များအပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ၊ လွိုင်ကော် စသည့် ဒေသများအထိ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)