
မိတ္ထီလာမြို့ရှိ ငှက်ပျောသီးဈေးကွက်တွင် ဖီးကြမ်း၊ သီးမွှေး၊ ပြည်ဖီး တို့မှာ အရောင်းအဝယ် သွက်ရာ သီးမွှေးကို စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်နှင့် တောင်ငူတို့မှ ဝင်ရောက် ကြောင်းသိရသည်။ သီးမွှေးငှက်ပျောသီးမှာ ဈေးကွက်သို့ အခိုင်လိုက်ဝင်ရောက်ခြင်းမရှိပဲ အဖီး အနေဖြင့် ဝင်ရောက်ပါသည်။ တောင်ငူနယ်မှ ဝင်ရောက်သော သီးမွှေးမှာ အခွံတွင် ရွှေရောင်ရှိပြီး စစ်ကိုင်းနယ်မှ ဝင်ရောက်သော အသီးမှာ အခွံစိမ်းသည်ကို တွေ့ရသည်။ မိတ္ထီလာဈေးကွက်သို့ တောင်ငူမှ ၄-၅ ရက်ခြား တစ်ကြိမ် အဖီး (၁၀၀) ခန့် ဝင်ရောက်နေပြီး တစ်ဖီးလျှင် လက်လီဈေး (၇၀၀၀-၈၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ သီးမွှေးငှက်ပျောသီးမှာ အချိုပွဲအနေဖြင့်ရော အစာပြေအနေဖြင့်ပါ လတ်လတ်ဆတ်ဆတ်စားသုံးနိုင်သော သစ်သီးဝလံဖြစ်သည့်အပြင် တောင်ငူ သီးမွှေးမှာ အရောင်အားဖြင့် လှပသည့်အပြင် အရသာမှာလည်း ချိုမွှေးသည့်အတွက် ဈေးကွက်တွင် နေရာရသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
