
ယာကွန်ဥများကို ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် အများဆုံးစိုက်ပျိုး၍ အခြားမြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။ ယာကွန်ဥသည် အရည်ရွှမ်းကြွပ်ရွ၍ ချိုသော အရသာရှိကာ ပန်းသစ်တော်သီးအရသာနှင့်တူပြီး အလွန်ပင်စားကောင်းသော အသီးတစ်မျိုးဖြစ်သည်။ ယာကွန်ဥသည် အခွံခွာပြီး အသင့်စားသုံးနိုင်သော အသီးတစ်မျိုးဖြစ်သည်။ ယာကွန်ဥစား ပေးခြင်းဖြင့် နှလုံးသွေးကြောကို ကောင်းမွန်ခြင်း၊ ကိုယ်အလေးချိန်ကိုထိန်းပေးခြင်း၊ အစာအိမ်ကို ကောင်းမွန် ခြင်းနှင့် ဆီးချို၊သွေးချိုဝေဒနာရှင်များအတွက် အလွန်ပင်ကောင်းမွန်ပြီး အန္တရာယ်မရှိသောကြောင့် အလွန်ပင်စားသုံးသင့်သောအသီးတစ်မျိုးဖြစ်သည်။
ယခု၂၀၂၅ခုနှစ်အောက်တိုဘာလတွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ယာကွန်ဥဈေး နှုန်းမှာ အကြီးတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ အလတ်အသေးရောတစ်ပိဿာလျှင် (၆၀၀၀) ကျပ်ရှိကြောင်း ယာကွန်ဥများ ရောင်းချနေသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)
