
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအများစုရှိ တောင်သူများမှာ မိုးစပါးရိတ်သိမ်းပြီး ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ ပဲတီစိမ်းတို့အား အဓိကထားစိုက်ပျိုးကြပြီး ပဲကြီးသီးနှံအား စားဖိုဆောင်သီးနှံအဖြစ် လယ်ကန်သင်းများ ချောင်းဘေး၊ မြေပြန့်၊ မြေလွတ်များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်းသိရပါသည်။
ဒေသတွင်း တောင်သူများမှာ ပဲကြီးသီးနှံအား စက်တင်ဘာလတွင် စတင်စိုက်ပျိုးကြောင်း သိရပါသည်။ အများအားဖြင့် ပဲကြီးဆွပ်ပဲမျိုး ကိုသာစိုက်ပျိုး၍ ပဲကြီးမျိုး ပိဿာ (၂၀)တစ်တင်း လျှင် ငွေကျပ် (၁၃၀၀၀၀)၊ တစ်ပိဿာလျှင် ငွေကျပ် (၆၅၀၀)ဖြင့် ဝယ်ယူစိုက်ပျိုး ရပါကြောင်း စိုက်ပျိုးနည်းမှာ ကန်သင်းများတွင် ပေါက်ပြားဖြင့် ကျင်းပြုလုပ်ပြီးစိုက်ပျိုးရကြောင်း၊ ဧကလိုက် စိုက်ပျိုးမှုနည်းပြီး အများအားဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြစ်ပြီး ယခုနှစ်တွင် ဇီးကုန်း မြို့နယ် အနေဖြင့် ပဲကြီးစိုက်ဧက (၁၅)ဧကခန့်ရှိကြောင်း သက်ဆိုင်ရာဦးစီးဌာနမှ သိရပါသည်။
ပဲကြီးသီးနှံအား နှစ်စဉ် မီးဖိုချောင်သုံး ဟင်းတစ်မယ်အဖြစ် ပဲကြီးရေစိမ်၊ ပဲသုပ်၊ ပဲဟင်းစသည်ဖြင့် နှစ်ပတ်လည် စားသုံးမှုအတွက် နှစ်စဉ် ဆောင်းသီးနှံ အဖြစ် မြေလွတ်များတွင် စိုက်ပျိုးကြပြီး ပိုလျှံရောင်းချမှု အပေါ် မြို့နယ်ပဲအဝယ်ဒိုင်များမှ ဝယ်ယူမှုရှိပြီး ယခင်နှစ် ပဲကြီးပေါ်ချိန် ဈေးနှုန်းမှာ ပိဿာ(၂၀)တစ်တင်းလျှင် ငွေကျပ် (၉၀၀၀၀)ခန့် ရှိသဖြင့် စားသုံးရန်အပြင် အပိုဝင်ငွေရ သီးနှံ ဖြစ်သဖြင့် မြေလွတ်နှင့် ကန်သင်းများတွင် စိုက်ပျိုးဖြစ်ထွန်း လျက်ရှိ ကြောင်းသိရသည်။
DOCA (ပဲခူး)
