
ယခုနှစ်တွင် ပြည်တွင်းမှထွက်ရှိမည့် အရည်အသွေးမြင့် Hass ထောပတ်သီး များ ကို စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ အဓိကထား တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ပြည်တွင်း၌ Hass ထောပတ်သီးစိုက် ဧကပေါင်း ၂၀၀၀၀ ခန့်ရှိပြီး နှစ်စဉ် စက်တင်ဘာလ မှ ဒီဇင်ဘာလအတွင်း Hass ထောပတ်သီးများ လှိုင်လှိုင်ထွက်ရှိကာ ပြည်တွင်း စားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။ ထိုသို့ ထောပတ်သီး များ တင်ပို့ရာတွင် Hass ထောပတ်သီးများအပြင် Buccaneer၊ 034၊ Booth 7 နှင့် အမရာ စသော ထောပတ် သီးမျိုးများကို လည်း တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။
"မြန်မာနိုင်ငံမှာ Hass ထောပတ်သီး ကို ဧက ၂၀၀၀၀ လောက် စိုက်ပျိုးထား တာဖြစ်တဲ့ အတွက် ပြည်ပစျေးကွက်ကို ကြိုးစားရှာဖွေရပါတယ်။ ဒီနှစ်မှာထွက် မယ့် Hass ထောပတ်သီး တွေကိုတော့ စင်ကာပူနဲ့ထိုင်းနိုင်ငံကို အဓိကထားတင်ပို့ ဖို့ စီစဉ်ထား တယ်။ တရုတ်နိုင်ငံကိုလည်း မြန်မာ့ထောပတ်သီးအများအပြား တရားဝင်တင်ပို့နိုင်အောင် GACC လက်မှတ်ရရှိဖို့ စိုက်ပျိုးရေး ဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ ပူးပေါင်း ဆောင်ရွက်နေပါတယ်" ဟု မြန်မာနိုင်ငံ ထောပတ် သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ပြီးခဲ့သည့်နှစ် ထောပတ်သီးရာသီက အရည်အသွေးမြင့် Hass ထောပတ်သီး တန်ချိန် ၃၀၀၀ ခန့်ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ပိုမိုထွက်ရှိရန် မျှော်မှန်းထားကာ ပြည်တွင်း စားသုံးမှုအပြင် ပြည်ပနိုင်ငံ များသို့လည်း တင်ပို့ရောင်းချမည်ဖြစ် ကြောင်း၊ ပြည်တွင်း၌ အများအားဖြင့် ကိုင်းဆက်စိုက်ပျိုးထားသည့် Hass ထော ပတ်သီးများနှင့် Buccaneer ထောပတ်သီး များကို ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီး များက အဓိကထား စားသုံးကြသဖြင့် နှစ်စဉ် အမြောက်အမြားတင်ပို့ရောင်းချရ ကြောင်း သိရသည်။
ယခုအခါ မြန်မာ့ထောပတ်သီးများ သည် ပြည်တွင်းပြည်ပဈေးကွက်တွင် ဝယ်လိုအား ကောင်းလာ၍ ထောပတ်သီး စိုက်ပျိုးသော တောင်သူများအနေဖြင့် ဈေးကွက်လိုအပ်ချက် ရှိသော ထောပတ်မျိုးကို ဦးစားပေးစိုက်ပျိုးကြရန် မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ တိုက်တွန်းထားကြောင်း သိရသည်။
DOCA(ဧရာဝတီ)
