ပြည်ခရိုင်ရှိ ချည်မျှင်ရှည်ဝါဈေးကွက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဝါအများဆုံးစိုက်ပျိုးပြီး စိုက်ဧကအနေဖြင့် (၅၈) ဧကရှိပါသည်။ ပြည်မြို့နယ် အတွင်းရှိ ဘန့်ပြင်ရွာတွင် (၅၀)ဧက၊ မြောင်ကြီးကျေးရွာတွင် (၈)ဧက စိုက်ပျိုးပါသည်။ စိုက်ပျိုးသော ဝါအမျိုးအစားများမှာ ချည်မျှင်ရှည်ဝါ၊ အာမိုဝါနှင့် ၆၆၆ ဝါတို့ဖြစ်ပါသည်။ ဝါတစ်ဧကစိုက်ပျိုးလျင် ဝါမျိုးစေ့ တစ်ထုတ်နှုန်းဖြင့် မျိုးစေ့ချ၍စိုက်ပျိုးပြီး မျိုးစေ့ တစ်ထုတ်လျှင် (၃၀၀၀၀)ကျပ်ဖြင့် ဝယ်ယူ၍စိုက်ပျိုးကြပါသည်။ ဝါပင်များ စိုက်ပျိုးရာတွင် အတန်းလိုက် စိုက်ပျိုးပြီး တစ်ပင်နှင့်တစ်ပင် (၃)ပေခြား၍ စိုက်ပျိုးရပါသည်။ ဝါကို ဝါဆိုလတွင် စတင် စိုက်ပျိုးပြီး တော်သလင်းလတွင် ပန်းများစတင်ပွင့်လာ၍ တန်ဆောင်မုန်းလတွင် ဝါများကို စတင် ဆွတ်ခူးရပါသည်။

    ဝါဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာလျှင် ၁၅၀၀-၁၆၀၀ကျပ်ဈေးဖြစ်ခဲ့ပြီး ယခုနှစ်တွင် ဈေးကွက်တွင်ပေါက်နေသော ဝါဈေးနှုန်းမှာ တစ်ပိဿာလျှင်၂၀၀၀-၃၀၀၀ခန့်ဖြစ်ပြီး ယခုနှစ်တွင် ဝါစိုက်ပျိုးသူတောင်သူများအနေဖြင့် ဈေးမြင့်လာသည့်အတွက် အကျိုးအမြတ် ပိုမိုဖြစ် ထွန်းမည်ဟု သိရှိရပါသည်။ ဝါဈေးကွက်အနေဖြင့် ဝက်ထီးကန်၊ ပေါက်ခေါင်းနှင့် အောင်လံရှိ ဝါဒိုင်များသို့ သွားရောက်ရောင်းချသလို ရွာပွဲစားများမှလည်း လာရောက်၍ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

      ဝါစိုက်တောင်သူများအနေဖြင့် လာမည့်တန်ဆောင်မုန်းလတွင် ဝါများထွက်ပေါ်လာမည်ဖြစ်၍ ယခုဈေးနှုန်းအတိုင်းဆက်လက်ရှိနေပြီး ဝါအထွက်နှုန်းများကောင်းမွန်ပါက အကျိုးအမြတ်များ ဖြစ်ထွန်း ကာ ဈေးကောင်းကိုမျှော်လင့်လျက်ရှိကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)