ဖောင်းကံအိုးလုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

     ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဖောင်းကံရပ်ကွက်တွင် မိရိုးဖလာအိုးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နေသော လုပ်ငန်းရှင်နှင့်တွေ့ဆုံရန် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၁.၁၀.၂၀၂၂) နေ့ နံနက်ပိုင်းတွင် အိုးအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ပါရန် သွားရောက်ခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေး နှင့် ဝန်ထမ်းများ သည် ဖောင်းကံရပ်ကွက်တွင် ယနေ့အထိ အိုးဖုတ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင် ဒေါ်လှလှဌေးထံသို့သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ရာ ဖောင်းကံ ရပ်ကွက်တွင် အိုးဖုတ် လုပ်ငန်းလုပ်ကိုင်သူ (၂၀)ဦးခန့်ရှိပြီး ၊ ရိုက်ပြီးသားအိုးစိမ်းကို ဝယ်ယူ၍ အိုးဖုတ်သူ (၁၅)ဦး ခန့်ရှိသည် ဟုသိရှိရပါသည်။ အိုးကို တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲလနှင့် တပေါင်းလများတွင် အိုးစိမ်းရိုက်၊ အိုးဖုတ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ အိုးဖုတ် လုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်သားဦးရေ(၉)ဦးဖြင့် လုပ်ကိုင်ဆောင်ရွက်ကြပြီး အိုးဖုတ်သည့် ဖိုတစ်ဖိုလျှင် အိုးအလုံးပေါင်း သောင်းပြောင်း အလုံး(၁၀၀၀)ခန့် ပါရှိသည်ဟု သိရှိရပါသည်။ အိုးဖုတ်သည့် ဖိုတစ်ဖိုလျှင် ကုန်ကျ စရိတ်မှာ (၃)သိန်းကျပ်ခန့် ကုန်ကျပြီး ထွက်ရှိလာသော အိုးများကို ဖောင်းကံရွာထဲဖြစ်သော ပန်းတောင်း၊ ဥသျှစ်ပင်ကားလမ်းမကြီးပေါ်တွင် ရောင်းချလျက်ရှိပါသည်။ ရောင်းချသော အိုးဈေးနှုန်း များမှာ အင်တုံတစ်လုံးလျှင် ၁၃၀၀ကျပ်၊ အင်တုံ(အလတ်) တစ်လုံးလျှင် ၈၀၀ကျပ်၊ အင်တုံ(အသေး) တစ်လုံးလျှင် ၇၀၀ကျပ်၊ သောက်ရေအိုးတစ်လုံးလျှင် ၈၀၀ကျပ်၊ အိုးအလတ် တစ်လုံးလျှင် ၅၀၀ကျပ်၊ ရေခပ်အိုးတစ်လုံးလျှင် ၂၀၀ကျပ်၊ စုဗူးအသေးတစ်လုံးလျှင် ၁၅၀ကျပ်၊ သင်္ကြန်အိုးတစ်လုံးလျှင် ၁၅၀ကျပ်ဖြင့် လက်ကားရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဖောင်းကံအိုးများကို ပြည်ဈေးကွက် မှလည်း ဝယ်ယူတင်သွင်း ရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။

     ပန်းတောင်းမြို့နယ်တွင် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးဖြစ်သော ဖောင်းကံအိုးလုပ်ငန်းသည်  မိရိုးဖလာအဆက်ဆက်မှ လုပ်ကိုင်လာသော လုပ်ငန်းများဖြစ်သဖြင့် နေ့စဉ်ဝင်ငွေများ ရှိသည့်အပြင် ခေတ်မီလှပသောပန်းအိုးများ၊ လူအသုံးအဆောင်ပစ္စည်းများ ဆန်းသစ်တီထွင်ပြီး ရောင်းချမည်ဆိုပါက ဒီထက်မကအမြတ်အစွန်းများရရှိနိုင်မှာဖြစ်၍ မြေကြီးမှ ရွှေသီးနိုင်ပြီး ကျေးရွာနေ လူတန်းစားများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မှာဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

DOCA(ပဲခူး)