တောင်ငူခရိုင် ဖြူးမြို့မှ မြေပဲယိုလုပ်ငန်း

Powered by Drupal

       တောင်ငူခရိုင်၊ ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်ရှိ မြေပဲယိုလုပ်ငန်းသည် မိရိုးဖလာ လုပ်ငန်းတစ်ခုဖြစ်ပြီး မြို့နယ်အတွင်းတွင် အောင်မြင်နေသည့် တန်ဖိုးမြှင့်ထုတ်ကုန် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

      မြေပဲယိုပြုလုပ်ရန်အတွက် မြေပဲဆံကိုရွေး၍ ထင်းမီးဖြင့်လှော်ရပါသည်။ ထို့နောက် ထင်းမီးဖိုဖြင့် သကြားကျိုကာကျလျင် ကပ်စေးထည့်ပြီး မြေပဲထည့်၍ မွှေရပါသည်။ ထို့နောက် ဖြန့်၍ လှိမ့်ပြီး အချပ်ကျလျင် အစိုအနေအထားဖြင့်လှီးကာ နှမ်းကပ်ရပါသည်။ အလေးချိန် ၄ ကျပ်သားရှိ မြေပဲယိုချပ် ၅ ချပ် စုစုပေါင်းအလေးချိန် ၂၀ ကျပ်သားကို ပါကင်တစ်ထုပ် ထုပ်ပိုးပါသည်။ တစ်နေ့လျင် အထုပ် ၅၀ ခန့်ထုတ်လုပ်ပါသည်။ လုပ်သား ၅ ဦးဖြင့် ထုတ်လုပ် လျက်ရှိပြီး တစ်နေ့ကုန်ကျစရိတ်မှာ ကုန်ကြမ်းတန်ဘိုး၊ လုပ်သားခ၊ ထုပ်ပိုးခွံဖိုး အပါအဝင် ၁၄၀၀၀၀ ကျပ်ခန့်ရှိပါသည်။ သကြားမြေပဲယိုတစ်ထုပ်ကို ၃၅၀၀ ကျပ်ဖြင့် ရောင်းချရပြီး ဖြူးမြို့နယ်အတွင်းမှ အရောင်းဆိုင်ကြီးများသို့ ဖြန့်ဖြူး ပေးပါသည်။

       သကြားမြေပဲယိုအပြင် ထန်းလျှက်မြေပဲယို နှမ်းယိုတို့လည်း ထုတ်လုပ်လျက်ရှိပါသည်။ ထန်းလျက်မြေပဲယို တစ်ထုပ်လျှင် ၂၇ ကျပ်သားရှိပြီး ၃၀၀၀ ကျပ် ရောင်းရကြောင်း၊ နှမ်းယို တစ်ထုပ် လျှင် ၁၃ ကျပ်သား ရှိပြီး ၁၆၀၀ ကျပ် ရောင်းရကြောင်း၊ လိုအပ်သည့် ကုန်ကြမ်းများ ဖြစ်သော သကြား၊ မြေပဲ၊ နှမ်း၊ ထန်းလျက်၊ ကပ်စေး၊ မြေပဲဆီများကို ဒေသအတွင်းမှာပင် ဝယ်ယူစုဆောင်းထားကြောင်း၊ နှစ်ပတ်လည် ထုတ်လုပ်လျက်ရှိပြီး အရင်းအနှီးရှိသလောက်သာ ထုတ်လုပ်လျက်ရှိကြောင်း၊ လုပ်သားရှားပါးခြင်းနှင့် ကုန်ကြမ်းဈေးနှုန်းများမြင့်တက်ခြင်း အခက်အခဲများရှိကြောင်း  လုပ်ငန်းရှင် ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)