တောင်ငူမြို့မှ ပဲမုန့်လုပ်ငန်းကိုလေ့လာခြင်း

Powered by Drupal

       တောင်ငူမြို့တွင် ပဲမုန့်သည် လူကြိုက်များ၍ ရောင်းအားကောင်းသော ဒေသထွက် စားသောက်ကုန် တစ်မျိုးဖြစ်ပါသည်။

     ပဲမုန့် ထုတ်လုပ်ရန်အတွက် ပထမဦးစွာ ပဲမုန့်ဌာပနာထည့်ရန် ကုလားပဲ ၂ ပိဿာ ၅၀ ကျပ်သားကို ပြုတ်ရပါသည်။ ကုလားပဲများအိလာသည့်အခါ မီးဖိုပေါ်မှချကာ အအေးခံထားရပါသည်။ ပြုတ်ထားသည့် ကုလားပဲအေးသောအခါ ဇကာတိုက်အနှစ်ထုတ်ရပါသည်။ ဇကာတိုက်ထားသော ပဲအနှစ်ထဲသို့ သကြား တစ်ပိဿာထည့်မွှေပြီး မီးအေးအေးဖြင့် ပဲနှပ်ထားပါသည်။ ပဲမုန့်အကာပြုလုပ်ရန် ဂျုံမှုန့် ၂ ပိဿာ ၅၀ ကျပ်သားကို ဂျုံနှပ်ထားရပါသည်။ ဂျုံသားအပျော့အမာပေါ်မူတည်၍ မွှေးတံဆိပ် ဆန်မှုန့်များ ရောစပ်ပေးရပါသည်။ ဂျုံသားများ နှပ်ပြီးသားရရှိသောအခါ ပါးလွှာသောဂျုံချပ်များ ရရှိအောင်  လွှာထားရပါသည်။

     ပါးလွှာသော ဂျုံချပ်များမုန့်ပြုလုပ်ရန် မုန့်လုပ်စားပွဲပေါ် အသင့်အတင့် ဆီသုတ်ထား ရပါသည်။ နှပ်ထားသော ကုလားပဲအနှစ်များ မုန့်လုပ်စားပွဲပေါ်တင်ကာ မုန့်တစ်ခုစာ အနှစ်ထည့်ရန် ခွဲထုတ်ကာ အလွှာအချပ် ပြုလုပ်ထားသောဂျုံချပ်အတွင်း ဌာပနာထည့် ပဲမုန့်ပြုလုပ်ကာ မုန့်ဗန်း အတွင်း ထည့်ရပါသည်။ မုန့်ဗန်းတစ်ခုတွင် မုန့်(၇၂) ခုထည့်ကာ ထင်းမီးဖြင့်ပြုလုပ်ထားသော မုန့်ဖုတ်ဖို ထဲသို့ထည့်ကာ (၂၅) မိနစ်ကြာအောင် ဖုတ်ထားရပါသည်။ပဲမုန့်အရောင်အသွေးကြည့်ကာ မုန့်ဖုတ်ဖိုမှ ထုတ်ယူကာ အအေးခံ၍ စားသုံးရန်အသင့် အနေအထားသို့ ရရှိပါသည်။ အပြင်တွင် အလွတ်ထားပါက (၃)ရက် ထားနိုင်ပါသည်။ ပါကင်လုံခြုံစွာထုတ်ထားပါက (၇)ရက်ထား၍ စားသုံးနိုင်ပါသည်။

   ကုန်ကြမ်းဖြစ်သော ကုလားပဲ၊ ဂျုံ၊ သကြား၊ ပဲဆီ၊ ဆန်မှုန့်များကို ဒေသတွင်းမှာပင် ဝယ်ယူရရှိကြောင်း၊ မုန့် ၁၀ ခုပါ ပါကင်ဘူးများဖြင့် ရောင်းချသလို အလွတ်ဝယ်ပါကလည်း ရောင်းချ ကြောင်း၊ မုန့်တစ်ခုလျင် ၂၅၀ ကျပ် ရောင်းချရကြောင်း၊ တစ်နေ့လျင် မုန့် ၇၂ ခုပါ ဗန်း ၆ ဗန်း၊ မုန့် အရေအတွက် ၄၃၂ ခုသာ ထုတ်လုပ်ပါကြောင်း၊ ထုတ်လုပ်သည့် မုန့်များအား နေ့စဉ် ရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)