
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် စားသုံးသူပြည်သူများ ဝယ်ယူသုံးစွဲရာတွင် ဆန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ပေးချေရသောတန်ဘိုးနှင့်အညီ အရည်အသွေးပြည့်ဝသော ဆန်များရောင်းချနိုင်စေရန် ရည်ရွယ်၍ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးနှင့် ဈေးပြင်ပတွင် ရောင်းချနေသော ဆန် လက်လီ/လက်ကား အရောင်းဆိုင်များအား နိုဝင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆန်လက်လီရောင်းချသော ဦးချစ်ညွှန့်၏ ကရင်ကန်ဆန်ဆိုင်၊ ဦးအောင်ဝင်း၏ ပြည့်ဝဆန်ဆိုင်နှင့် ဈေးပြင်ပတွင် ရောင်းချသော ဒေါ်နှင်းမိုးဇော်၏ ဒေါ်သောင်းသောင်းဆန်ဆိုင်၊ ဦးသိန်းဝင်းအောင်၏ ရွှေခြင်္သေ့ ဆန်ဆိုင်နှင့် ဒေါ်ရီရီ၏ ငြိမ်းဆန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ဆန်ကြမ်း၊ ဆန်ချော တစ်ပြည်၊ တစ်အိတ်ဈေးနှုန်းများ၊ ယခင်ပတ်၊ ယခုပတ်ဈေးနှုန်းများအား ကောက်ခံစစ်ဆေးရာတွင် ယခင်ပတ်နှင့် ယခုပတ်ဈေးနှုန်းများ ကွာခြားမှုမရှိဘဲ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး မြို့နယ်တာဝန်ခံမှ ဆန်ဆိုင်ပိုင်ရှင်များအား ဝယ်ယူဈေးထက် အမြတ်ရာခိုင်နှုန်းကြီးမြင့်စွာ ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆန်တန်(၂၅)တန်နှင့်အထက် သိုလှောင်ထားပါက မြန်မာဆန်စပါး အွန်လိုင်း( MyRo) www.myro.com.mmတွင် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်လက်မှတ်လျှောက်ထား၍ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း စာရင်းထည့်သွင်း ဆောင်ရွက်ကြရန် အသိပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
