စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ဝန်ထမ်းများသည် (၂၆.၁၀.၂၀၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ပန်းတောကျေးရွာ၌ တောင်သူ ဦးကျော်ကျော်အောင်နှင့်တွေ့ဆုံ၍ ပန်းမုန်လာစိုက်ပျိုးထွက်ရှိမှု ရောင်းဝယ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။
တောင်သူအနေဖြင့် နှစ်စဉ်ပန်းမုန်လာ (၃)ဧကခန့်စိုက်ပျိုးပြီး အောက်တိုဘာလဆန်းတွင် ပျိုးထောင်၍ (၃၅)ရက်သားတွင် စိုက်ပျိုးကာ ရက်ပေါင်း(၁၀၀-၁၁၀)ခန့်တွင် ခူးဆွတ်ရကြောင်း စိုက်ပျိုးရာတွင် ပင်ကြား၊ တန်းကြား စိုက်ပျိုး၍ တစ်ပင်နှင့် တစ်ပင်(၁၈)လက်မအကွာ စိုက်ပျိုးရကြောင်း၊ တစ်ပတ်လျှင် တစ်ကြိမ်ရေသွင်းကာ အနည်းဆုံး(၇)ကြိမ်ခန့် ရေသွင်းရ ပါကြောင်း၊ ကွန်ပေါင်းဓါတ်မြေဩဇာ၊ အပင်အားဆေး၊ ယူရီးယား၊ ပုလဲနှင့် ပျိုးသတ်ဆေးများ ဖျန်းရကြောင်း၊ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် (၁)ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် ကျပ်(၉)သိန်းကုန်ကျပြီး ကျပ်(၁၇)သိန်းခန့်ပြန်လည် ရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၈)သိန်းခန့် ရရှိကြောင်းသိရှိရပါသည်။
ခူးဆွတ်ပြီး ပန်းမုန်လာထုပ်များမှာ အရွယ်အစားအလိုက် (၁)ထုပ်လျှင် ပျမ်းမျှ(၁)ပိဿာ ခန့်ရှိပြီး (၁)ထုပ်လျှင် ကျပ်(၃၀၀-၅၀၀)ခန့် ရောင်းချရကာ ပွဲစားမှ ကျေးရွာသို့အရောက်လာပြီး ဝယ်ယူကြသလို မြို့ပေါ်ပွဲရုံများနှင့် ကျောက်ပန်းတောင်း၊ ချောက်၊ မကွေး၊ မင်းဘူး၊ ပွင့်ဖြူမြို့များသို့ လည်း တင်ပို့ရောင်းချကြောင်း တောင်သူ ဦးကျော်ကျော်အောင်ထံမှ သိရှိရပါသည်။