ဆိပ်ဖြူကုန်စည်ဒိုင် အောက်တိုဘာ(တတိယ)ပတ်အတွင်း ကြက်သွန်နီဈေးကွက်အခြေအနေ

Powered by Drupal

    ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီ စိုက်ပျိုး၊ ထုတ်လုပ်၊ ထွက်ရှိ၊ ရောင်းဝယ်ကုန်သွယ်မှု အများဆုံးမြို့ဖြစ်သည်။ ဆိပ်ဖြူလက္ကားကုန်စည်ဒိုင်တွင် မြို့နယ်အတွင်းရှိ ဒေသတွင်းနေရာအနှံ့အပြားနှင့် နီးစပ်ရာ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ယောနယ်ဒေသ ပေါက်မြို့နယ်ထွက် ကြက်သွန်နီများလည်း အရောင်းအဝယ်ဖြစ်ပြီး ကုန်စည်ဒိုင်သို့ နေ့စဉ် ကုန်ချိန် (၂)သောင်းခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

    ဆိပ်ဖြူကုန်စည်ဒိုင်ဈေးကွက်တွင် အောက်တိုဘာ(တတိယ)ပတ်အတွင်း ကြက်သွန်နီ(ဂျွန်) အမျိုးအစားများ ကုန်ပစ္စည်းအရည်အသွေးလိုက်၍ ဈေးနှုန်းအမျိုးမျိုးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ယခုတစ်ပတ်အတွင်း ကုန်စည်ဒိုင်ပြတ်ဈေး ကြက်သွန်နီ (၁)ပိဿာလျှင် ထိပ်စ ကျပ် (၃၂၇၅)၊ အလတ်စ ကျပ်(၃၀၀၀)၊ အနိမ့်စ ကျပ်(၂၈၀၀)၊ အရောင်ပျက်အသေးစ ကျပ်(၂၀၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်သည်။ ယခင်အောက်တိုဘာ (ဒုတိယ)ပတ်တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ထိပ်စကျပ်(၃၂၀၀)၊ အလတ်စ ကျပ်(၂၉၀၀)၊ အနိမ့်စ ကျပ်(၂၆၀၀)၊ အရောင်ပျက် အသေးစ ကျပ်(၁၉၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ် ကြက်သွန်နီ တစ်ပိဿာလျှင် ထိပ်စ ကျပ်(၇၅)၊ အလတ်စကျပ်(၁၀၀)၊ အနိမ့်စ ကျပ်(၂၀၀)၊ အရောင် ပျက်အသေးစကျပ်(၁၀၀) ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်သည်။ ယခုတစ်ပတ်အတွင်း ပြည်ပပို့ကုန် မြဝတီဝယ်လက်များ၊ ဒေသတွင်းသို့ဆင်း၍ အဝယ်လိုက်ရာ အရောင်းအဝယ်သွက်ပြီး မြဝတီမြို့သို့ ကုန်ချိန်အများဆုံးတင်ပို့လျက်ရှိသည်။

    ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းတွင် ကြက်သွန်နီလက်လီ (၁)ပိဿာ ဈေးနှုန်းမှာ ထိပ်စ (ရှယ်) ကျပ်(၃၆၀၀)၊ အလတ်စကျပ်(၃၄၀၀မှ ၃၃၀၀)၊ အနိမ့်စ(၁)ပိဿာလျှင် ကျပ်(၃၂၀၀မှ ၃၁၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

    ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်၊ ပြည်၊ ပုသိမ်၊ မော်လမြိုင်မြို့များသို့ နေ့စဉ်တင်ပို့ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ အောက်တိုဘာလ(တတိယ)ပတ်တွင် ကုန်စည်ဖြန့်ဖြူးမှုအနေ ဖြင့် ရန်ကုန်မြို့သို့ ပိဿာ(၃၀)ဝင် (၅၁၄၅)အိတ်၊ ပြည်မြို့ (၁၆၈၀)အိတ်၊ ပုသိမ်မြို့ (၁၆၈၀) အိတ်၊ မော်လမြိုင်မြို့(၁၇၁၅)အိတ်၊ မြဝတီမြို့ (၁၀၁၂၈) အိတ် တစ်ပတ်အတွင်း စုစုပေါင်း(၂၀၃၄၈) အိတ်၊ ပျမ်းမျှပိဿာ(၆)သိန်း၊ တန်ချိန်(၃)သောင်းခွဲခန့် နေ့စဉ် (၆/၁၂/၂၄) ဘီး မော်တော်ယာဉ်များ ဖြင့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)