စားအုန်းဆီဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ မင်္ဂလာခန်းမတွင် နိုဝင်ဘာလ ၁၃ ရက်နေ့ကျင်းပခဲ့ကြောင်း သိရပါသည်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း အသင်းဥက္ကဌ ဦးဆန်းလင်း၊ ဗဟိုအလုပ်အမှုဆောင်၊ အမှုဆောင်၊ မြို့နယ်တာဝန်ခံများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းစားအုန်းဆီဖြန့်ဖြူးသည့် ကုမ္ပဏီများနှင့် လက်လီ/ လက်ကားကိုယ်စားလှယ်များစုစုပေါင်း ၄၃၄ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနား စတင်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိူးမြင့်အောင်က အဖွင့်အမှာစကားပြောကြားရာမှာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်အတွက် ရန်ကုန်တိုင်းဒေသကြီးလူဦးရေကိုအခြေခံ၍ ၁ ရက်လိုအပ်ချက်ကိုတွက်ချက်ကာ ပြည်သူများ ထံသို့ ပျံ့ပျံ့နှံ့နှံ့ဖြန့်ဖြူ‌ပေးခဲ့ပါကြောင်း၊ ထို့အပြင်ပိုမိုပျံ့ပျံ့နှံ့နှံ့ဖြစ်စေရန် ရန်ကုန်တိုင်း ဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီအနေဖြင့် စားအုန်းဆီ သုံးစွဲမှုများပြားသည့် ရန်ကုန်တိုင်းဒေသကြီး၌ လက်လီအရောင်းဆိုင်များတွင် တန်းစီဝယ်ယူရန် မလွယ်ကူသည့် အိမ်ထောင်စုများအနေဖြင့် လွယ်ကူစွာဖြင့် အိမ်တိုင်ရာရောက်ရရှိစေရန်၊ ဈေးနှုန်းမှန်၊ ပစ္စည်းမှန် ရရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၄၄ မြို့နယ်သို့ ဖုန်းဖြင့် အမှာစာ ကောက်ခံပြီး Delivery Company ဖြင့်လိုက်လံဖြန့်ဖြူးရောင်းချသည့်စနစ် Door to Door Distribution System ဖြင့်လည်း မှာယူသူပြည်သူများထံ အိမ်ရောက်ငွေချေဖြင့် ပို့ဆောင်ဖြန့်ဖြူး ရောင်းချသည့်စနစ်အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပြီး တစ်အိမ်ထောင် လျှင် ၂ ပိသာ ၅၀ ကျပ်သားနှုန်းဖြင့် ဖြန့်ဖြူးဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် စားအုန်းဆီဖြန့်ဖြူး ရောင်းချသည့်ကုမ္ပဏီများ၊ လက်လီ/လက်ကားကိုယ်စားလှယ်များအနေဖြင့် အရေအတွက်မှန်၊ ဈေးနှုန်းမှန်၊ အခြင်အတွယ်မှန်၊ အရည်အသွေးမှန် စသည့်မှန် ၄ မှန်ဖြင့် ပြည်သူများထံသို့ စားအုန်းဆီများ ပျံ့ပျံ့နှံ့နှံ့ရောက်ရှိစေရေး မှန်မှန်ကန်ကန်ဖြန့်ဖြူးရောင်းချပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆီကုန်သည်များအသင်းဥက္ကဌ ဦးဆန်းလင်းက စားသုံးသူများသက်သာသောဈေးနှုန်းဖြင့်ဝယ်ယူနိုင်စေရန်အတွက် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဖြေလျော့မှုများဆောင်ရွက်ထားပါကြောင်း၊ လက်လီလက်ကားဖြန့်ဖြူးသူများအနေဖြင့် ဆီ ထုတ်ယူခွင့်စာအုပ်ဖြင့်ဆီလာရောက်ထုတ်ယူပါက ရည်ညွှန်းဈေးဖြင့်ရောင်းချရန် လိုအပ်ကြောင်း၊ ပြည်သူများထံသို့ဖြန့်ဖြူးမည့်ဆီများကို အရည်အသွေးပြည့်မီသော စားသုံးဆီများတင်သွင်း လာသည့်အတွက် အခြားဆီများဖြင့်ရောနှောရောင်းချခြင်းမပြုလုပ်ရန်၊ ရောင်းချရာတွင် ဓာတ်ပုံမှတ်တမ်းများယူထားရန်လိုအပ်ပါကြောင်းနှင့် စားအုန်းဆီဈေးနှုန်းတည်တည်ငြိမ်ငြိမ် မှန်မှန်ကန်ကန်ဖြင့်ရောင်းချရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ဆွေးနွေး ပြောကြားရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် ၂ ရာခိုင်နှုန်းအမြတ်ထက် ပိုမိုမရောင်းချရန် လိုအပ်ကြောင်း၊ ဆန်၊ စားအုန်းဆီ၊ ဆေးဝါးတို့သည် အ‌ရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့်အတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ‌ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်း၊ မသမာသောလုပ်ဆောင်မှုများပြုလုပ်ခြင်းကို တွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် သတ်မှတ်နေရာများသို့ သတ်မှတ်အရေအတွက် အတိုင်းရောက်ရှိမှုရှိ/ မရှိ၊ စားသုံးသူပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/ မရှိကို ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ၊ စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများနှင့် ပူးပေါင်း၍ စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး ဆက်လက်စိစစ်ကြပ်မတ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)