ယင်းမာပင်ခရိုင်အတွင်း ကုလားပဲသီးနှံများ မြိုင်မြိုင်ဆိုင်ဆိုင် စိုက်ပျိုးလျှက်ရှိ

Powered by Drupal

       ယင်းမာပင်ခရိုင်သည် ယာမြေဧက (၅.၁) သိန်းကျော်ရှိပြီးပဲမျိုးစုံအဓိက စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်ပါသည်။ နှစ်စဉ် ပဲမျိုးစုံဧက (၃)သိန်းကျော်စိုက်ပျိုးလျက်ရှိသည့်အနက် ကုလားပဲသီးနှံမှာ စိုက်ဧက (၁.၃)သိန်းကျော်ဖြင့် စိုက်ဧကအများဆုံးဖြစ်ပြီး ခရိုင်အတွင်း ပဲမျိုးစုံ စုစုပေါင်း စိုက်ဧက၏ (၄၀%) ကျော်ရှိကြောင်း သက်ဆိုင်ရာ ဌာန၏ စာရင်းဇယားများအရ သိရှိရသည်။

        ယင်းမာပင်ခရိုင်တွင် ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးနှင့် ကနီမြို့နယ်တို့ပါဝင်ပြီး ပုလဲမြို့နယ်မှာ ယာမြေဧရိယာ အကျယ်ဝန်းဆုံးဖြစ်သည့်အလျောက် စိုက်ဧကလည်း အများဆုံးဖြစ်ကြောင်း၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့မှာ ဒုတိယနှင့် တတိယ စိုက်ဧကအများဆုံးဖြစ် ကြောင်းလည်းသိရှိရသည်။ ကုလားပဲသီးနှံကို နှစ်စဉ်အောက်တိုဘာလဆန်းပိုင်းမှ နိုဝင်ဘာလကုန် ပိုင်လောက်အထိ စိုက်ပျိုးကြသော်လည်း ယခုနှစ် မိုးနှောင်းရွာသွန်းခဲ့သည့်အတွက် အောက်တိုဘာ တတိယပတ်လောက်မှသာ ပြိုင်ပြိုင်စိုက်ပျိုးကြရကြောင်း၊ ရေဝင်အင်းမြေများနှင့် သီးထပ်(ရိုးပြတ်) စိုက်ခင်းများမှာ နိုဝင်ဘာလကုန်ပိုင်းမှ အပြီးစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

       ယခုနှစ်တွင် ကုလားပဲသီးနှံဧက (၁.၃) သိန်းကျော် စိုက်ပျိုးရန်လျာထားပြီး ဧက(၆.၅) သောင်းကျော်စိုက်ပျိုးပြီးစီးကြောင်းသိရှိရသည်။ ကုလားပဲဖြူလုံးကြီး (V2, V3) မျိုးများနှင့် 929 မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုနှစ် ကုလားပဲမျိုးတစ်တင်းကို (၆၅၀၀၀-၇၀၀၀၀) ကျော်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ထွန်စက်ခနှင့်သွင်းအားစုဈေးနှုန်းများ မြင့်တက်ခဲ့သလို အလုပ် သမားခ ဈေးများလည်းမြင့်တက်ခဲ့သည့်အတွက် ယခင်နှစ်များကထက်တစ်ဧက ထုတ်လုပ်မှု ကုန်ကျစရိတ်များမြင့်တက်ခဲ့ကြောင်း၊ တစ်ဧကခန့်မှန်းကုန်ကျစရိတ် (၃) သိန်းကျော်မည်ဟု ခန့်မှန်း ထားကြောင်း၊ တစ်ဧကပုံမှန်(၁၅)တင်း ဝန်ကျင်ခန့်ထွက်ရှိကြောင်း၊ သီးနှံပေါ်ချိန် ဈေးကောင်း ရရှိပါက အကျိုးအမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ဒေသခံတောင်သူ ဦးဇော်၏ ပြောပြချက်အရ သိရှိရသည်။

      ယခုလက်ရှိ ဈေးကွက်အတွင်း၌ ကုလားပဲလက်ကျန်မရှိသလောက် နည်းပါးလျှက်ရှိပြီး ဒေသတွင်းလုပ်ငန်းသုံးအဖြစ်သာ ဝယ်ယူမှုရှိနေကြောင်း၊ ကုလားပဲဖြူလုံးကြီးတစ်တင်း(၆၅၀၀၀) ကျပ် 929 တစ်တင်း(၆၀၀၀၀) ကျပ်၊ ပေါက်ဈေးအသီးသီးဖြစ်ပေါ်လျှက်ရှိပြီး ဒေသတွင်း ပဲကြော် လုပ်ငန်းများနှင့် ပဲခွဲစက်များမှ ဝယ်ယူမှုရှိနေသေးကြောင်း၊ ယခုနှစ် ရာသီကုန် ကုလားပဲလက်ငုတ် ဈေးကောင်းနေသည့်အတွက် ကုလားပဲစိုက်ဧကများ တိုးတက်လာဖွယ်ရှိကြောင်း ကုန်သည်တစ်ဦး၏ သုံးသပ်ပြောကြားချက်အရသိရှိရသည်။

DOCA(စစ်ကိုင်း)