‌ ဈေးကွက်ဝင် ပွင့်ဖြူဒေသထွက် ကောက်ညှင်းဆန်

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာများသည် လယ်ယာမြေများတွင် ရာသီအလိုက် စပါး၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများစိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ စားသုံးမှုများ၍ ဈေးကွက်အခိုင်အမာရှိသော ကောက်ညှင်းစပါးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ပွင့်ဖြူဒေသတွင် ကောက်ညှင်းမျိုးများစွာရှိသည့်အနက်မှ ကောက်ညှင်းဖြူ(နတ်ပြည်မွှေး)ကို အဓိကထား စိုက်ပျိုးကြကြောင်း ကောက်ညှင်းဖြူကို ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ ကောက်ညှင်းဖြင့်ပြုလုပ်ရသော မုန့်အမျိုးမျိုးနှင့် ထိုးမုန့်ပြုလုပ်ရန် အဓိကအသုံးပြုကြကြောင်း သိရပါသည်။

       ကောက်ညှင်းစပါးစိုက်ပျိုးရာတွင် လယ်မြေများကို ထွန်းယက်ပြီး ပျိုးပင်များကို ကောက်စိုက် စိုက်ပျိုးနည်းနှင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်းဟူ၍ နှစ်မျိုးစိုက်ပျိုးကြကြောင်း၊ တိုက်ရိုက်စိုက်ပျိုး နည်းသည် အချိန်ကုန်သက်သာ၍ ကုန်ကျစရိတ် သက်သာကြောင်း ထွက်နှုန်းမှာ ပုံမှန်ထွက်နှုန်း အတိုင်းဖြစ်ကြောင်း၊ ကောက်ညှင်းစပါးကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလကုန်တွင် ရိတ်သိမ်းရကြောင်း သိရပါသည်။ ကောက်ညှင်းစပါးကို ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၊ ကံသာကြီးကျေးရွာ၊ လယ်ဖီလာကျေးရွာ၊ ကန်ဆွယ်ကျေးရွာနှင့် ကျွန်းပင်စင်ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း ကောက်ညှင်းစပါးမျိုးကို ငဖဲမြို့နယ်မှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ တောင်သူအများစုမှာလယ်မြေ (၁၀) ဧကတွင် ကောက်ညှင်း ဒဿမငါးဧကခန့် စိုက်ပျိုးကြကြောင်း၊ မိသားစုစားသုံးရန် ကောက်ညှင်းဆန်များ ကို မိတ်ဆွေများသို့ လက်ဆောက်ပေးအဖြစ် စိုက်ပျိုးကြကြောင်း၊ မိုးကောင်းလျှင် ပို၍အထွက်နှုန်း ကောင်းကြောင်း ဒဿမငါးဧကတွင် တင်း(၄၅ မှ ၅၀)ခန့်ထွက်ရှိသည့်အတွက် တစ်ဧက တင်း(၉၀ မှ ၁၀၀)ထိ ထွက်နှုန်းရှိကြောင်း သိရှိရပါသည်။

        ကောက်ညှင်းစပါးကိုကြိတ်၍ ကောက်ညှင်းဆန်အဖြစ် (၁)ပြည်လျှင် ကျပ်(၃၄၀၀)ဖြင့်ရောင်းချ ရကြောင်း၊ ပွင့်ဖြူဒေသမှ ကောက်ညှင်းဆန်များကို ဒေသတွင်း စားသုံးရုံသာမက ပိုလျှံသောကောက်ညှင်းဆန်များကို မင်းဘူး၊ မကွေး၊ ရေနံချောင်း၊ ချောက်မြို့များသို့ တင်ပို့ရောင်းချကြောင်း ကောက်ညှင်းစိုက်တောင်သူ ဦးယုလွင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)