
ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်ရောင်းဝယ်မှုများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌ၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူး၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) ဥက္ကဌ၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ဥက္ကဌ၊ ဆန်ပွဲရုံကဏ္ဍ၊ ဆန်လက်လီဆိုင်ကဏ္ဍနှင့် ဆန်အကျိုးဆောင်ကဏ္ဍမှ ဧည့်သည်တော်များ စုစုပေါင်း ၂၂၅ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ပပို့ကုန် ဧည့်မထဆန်ကြမ်းအုပ်စုမှာ ဈေးနှုန်းများကျဆင်းနေသဖြင့် ဈေးနှုန်းတိုးမြှင့်စေရန် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် လစဉ်ပို့ကုန်ရည်မှန်းချက်ပြည့်မီစေရန် လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ရွှေဘိုပေါ်ဆန်းဆန်ဈေးနှုန်းကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် ကျော်လွန်မရောင်းချရန်နှင့် သိုလှောင်ရောင်းခြင်းမပြုရန်လိုအပ်ပါကြောင်း၊ ကုန်စည်ဒိုင်မှလည်း ရောင်းသင့်သည့် ဈေးနှုန်းထက်မကျော်စေရန်အတွက် ထိန်းကြောင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကုန်ကျစရိတ်၊ စိုက်ပျိုးစရိတ်နှင့် ကုန်ကျစရိတ်များကို အနီးစပ်ဆုံးတွက်ချက်ပြီး သင့်တင့်မျှတသောဈေးနှုန်းဖြစ်စေရန်အတွက် ဝိုင်းဝန်းလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ကုန်စည်ဒိုင်များမှ ဈေးနှုန်း/ ဈေးကွက် ထုတ်ပြန်လုပ်ဆောင်သင့်ပါကြောင်းနှင့် အသင်းချုပ်မှလည်း အရန်ဆန်ထုတ်ရောင်းပေးမည့်အစီအစဉ်ရှိပါကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ ထို့နောက် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းဥက္ကဌ ဦးအောင်မြင့်၊ အထွေထွေအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ဥက္ကဌ ဦးကျော်ဦး၊ ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်) ဥက္ကဌ ဦးကျော်ကိုဆန်း၊ ရွှေဘိုလိုင်းခေါင်းဆောင် ဦးမျိုးဝင်းခိုင်၊ ဖျာပုံလိုင်းခေါင်းဆောင် ဦးအောင်ကြည်စိုး၊ လပွတ္တာလိုင်းခေါင်းဆောင် ဦးကျော်မျိုးထွန်း၊ ဘိုကလေးလိုင်းခေါင်းဆောင် ဦးအောင်မျိုးမင်း၊ ပွဲရုံကဏ္ဍမှ ဦးဝင်းနိုင်၊ လက်လီကဏ္ဍမှ ဦးမင်းသူနှင့် တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးပြည့်ဖြိုးသူတို့က ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
