တိုးချဲ့စိုက်ပျိုးသင့်သည့် ဝင်ငွေကောင်းသော နှမ်းသီးနှံ

Powered by Drupal

     နှမ်းသီးနှံကို အပူပိုင်းဒေသများဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်း မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြပြီး ကျန်တိုင်းဒေကြီးနှင့် ပြည်နယ်များတွင်လည်း  စိုက်ပျိုးလျက်ရှိပါသည်။ နှမ်းသီးနှံ အများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသော မကွေးတိုင်းဒေသကြီးကို မြန်မာ နိုင်ငံ၏ ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်ကြသည်။ နှမ်းသီးနှံစိုက်ပျိုးမှုတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယနေရာ (၁၈.၃%)တွင် ရပ်တည်လျှက်ရှိပြီး မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများ စိုက်ပျိုးဧရိယာ အများဆုံး (၅၁.၃%) စိုက်ပျိုးသောသီးနှံ ဖြစ်ပါသည်။

   မြန်မာနိုင်ငံတွင် နှမ်းစိုက်ပျိုးသော ဧရိယာသည် ဆီထွက်သီးနှံအားလုံးစိုက်ဧရိယာ၏ တစ်ဝက် (၅၀%)ကျော် ရှိပါသည်။ ယခုအခါ ပဲမျိုးစုံသီးနှံများ၏ ဈေးကွက်မခိုင်မာမှုကြောင့် အချို့သော ပဲစိုက်ဧရိယာများတွင် နှမ်းသီးနှံကို အစားထိုးတိုးချဲ့စိုက်ပျိုးလာကြသည်ကို တွေ့ရှိရပါသည်။ ယခင်နှစ်က နှမ်းကို ပြည်တွင်းဆီ စားသုံးရန်အတွက်သာ စိုက်ပျိုးထုတ်လုပ်ခဲ့သော်လည်း ယခုအခါ တိုးတက်လာသော နည်းပညာများအရ နှမ်း၏ ပိုမိုအသုံးဝင်မှုနှင့် အကျိုးရှိမှုများကို သိရှိလာကြ‌သောကြောင့် နှမ်းကိုပိုမိုအသုံးပြု လာကြပါသည်။ နှမ်းနက်တွင် ဗီတာမင်မျိုးစုံပါဝင်ခြင်း၊ နှမ်းနက်ကိုစားသုံးခြင်းဖြင့် ကိုလက်စထရော လျော့ကျစေခြင်း၊ အသည်းလုပ်ဆောင်မှုအားကောင်းစေခြင်း၊ ကင်ဆာဖြစ်နိုင်ခြေနည်းခြင်း၊ အိုမင်းရင့်ရော်မှုကို ဟန့်တားပေးခြင်း၊ နွားနို့ထက် ပရိုတင်း ၂ဆပါဝင်ခြင်းတို့ကြောင့် အလှကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်များတွင် အသုံးပြုလာသဖြင့် ဝယ်လိုအားမြှင့်တက်နေပါသည်။

     သို့ရာတွင် အပြိုင်အဆိုင်ရောင်းဝယ်မှုများရှိလာသဖြင့် မိမိ၏ သီးနှံအရည်အသွေး အရောင်အနံ့ အရသာနှင့် ဓါတ်ကြွင်းပါဝင်မှုစသည့် အချက်အလက်များသည် အရေးပါလာပါသည်။ ထို့ကြောင့် တောင်သူများအနေဖြင့် မိမိသီးနှံကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်ကိုက်ညီအောင် စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မိုးစိုက်ဧက(၄၂၉၄၇၂)ဧက၊ ဆောင်းစိုက်ဧက(၅၅၇၉၅၂)ဧကနှင့် နွေစိုက်ဧက(၃၈၀၄၀) ဧက၊  စုစုပေါင်း(၁၀၂၅၄၆၄) စိုက်ပျိုးခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အောက်တိုဘာလလယ် အထိ မိုးစိုက်ဧက(၄၃၃၃၂၄)ဧက စိုက်ပျိုးပါကြောင်း၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်နှင့် ကလေးခရိုင်တို့တွင် အများဆုံးစိုက်ပျိုးပြီး ယခုနှစ်တွင် ချင်းတွင်းမြစ်ရေဝင်ရောက်လာမှုမရှိသည့်အတွက် ချင်း တွင်းမြစ်အရှေ့ဘက်ရှိ ကျေးရွာများတွင် နေထိုင်ကျသော ကျေးရွာများအနေဖြင့် ယခုနှစ်တွင် မိုးစပါး မစိုက်ပျိုးနိုင်သည့်အတွက် နှမ်းသီးနှံများ ပိုမိုစိုက်ပျိုးလာကြကြောင်း၊ မိုးနှောင်းကောင်းမွန်သောကြောင့် မိုးရေရရှိသဖြင့်  ကုန်ကျစရိတ်သက်သာသောကြောင့် တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်(၃)သိန်းခန့်သာကုန်ကျပါကြောင်း၊ ပေါက်ဈေးအနေဖြင့် ယခင်နှစ် အောက်တိုဘာလ က တစ်တင်း လျှင် (၄၀၀၀၀)ကျပ်၊ ယခုနှစ် တစ်တင်းလျှင် (၇၄၀၀၀)ကျပ်ရရှိပါသဖြင့် ယခင်နှစ်ကာလတူ နှင့်နှိုင်းယှဉ် လျှင် (၃၄၀၀၀)ကျပ် ပိုမိုရရှိပါကြောင်း၊ တစ်ဧက ပျှမ်းမျှအထွက်နှုန်းအနေဖြင့် (၁၀)တင်း ထွက်ရှိပါ သဖြင့် တစ်ဧကဝင်ငွေအနေဖြင့် ကျပ်(၇)သိန်းခွဲခန့် ရရှိပါသဖြင့် တစ်ဧကအကျိုး အမြတ်အနေဖြင့် ကျပ်(၄)သိန့်ခွဲခန့် ရရှိကြောင်း၊ နှမ်းသီးနှံသည် နိုင်ငံခြားဈေးကွက်ခိုင်မာပြီး ဈေးကောင်းရသော သီးနှံဖြစ်သည့်အတွက် နှမ်းသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

DOCA(စစ်ကိုင်း)