ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံဒေသသည် ပင်လယ်ရေမျက်နှာပြင်အထက် (၃၁၅၀)ပေတွင် တည်ရှိပြီး ဥတုရာသီ (၃)မျိုးလုံး၏ သက်ရောက်မှုပြည့်စုံစွာ ရရှိသောဒေသ ဖြစ်ပါသည်။ အပူလွန်ခြင်း၊ အအေးကဲခြင်းနှင့် စွတ်စိုခြင်း၊ ခြောက်သွေ့ခြင်း ဟူသော ရာသီအပြောင်းအလဲများ အလှည့်ကျရရှိခြင်းကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်လျှက်ရှိသည်။
ရွာငံဒေသတွင် မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် တနိုင်တပိုင် စိုက်ပျိုး ခြင်းမှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ကြပြီး တစ်မြို့နယ်လုံးတွင် စိုက်ပျိုးပင်ရေ (၁)သိန်းကျော်ရှိကြောင်း လေ့လာသိရှိရပါသည်။ နှစ်စဉ်ဧပြီလတွင် တစ်ကြိမ်ခူးဆွတ်ရပြီး ဒုတိယအကြိမ် သီးပွင့်ခြင်းမှ အောက်တိုဘာလ၊ နိုင်ဝင်ဘာလတွင် ရင့်မှည့်အသီးများ ထပ်မံရရှိသည်။ ရင့် မှည့်အသီးများမှာ အခွံမာသီးများဖြစ်၍ ( Heat house) ခေါ် အပူလှန်းအိမ်တွင်း ဖြန့်ခင်း အခြောက်ခံစနစ်ဖြင့် အခြောက်ခံရသည်။ အခွံမာသီးများအား လုံးစင်ခွဲကိရိယာဖြင့် ခွဲထုတ်ရာမှ အစေ့အဆံအဖြူလေးများရရှိပြီး တိုက်ရိုက်စားသုံးနိုင်သော သီးနှံများဖြစ်သည်။
ဈေးနှုန်းအနေဖြင့် အစေ့အဆံ တစ်ကီလိုလျှင်( ၂၈၀၀၀)ကျပ်ရှိပြီး ဈေးကွက်အနေဖြင့် ပြည်တွင်းဒေသစုံသို့ ပေးပို့ရောင်းချကြသည်။ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကုန်သည်များမှာ ဒေသအရောက် ကွင်းဆင်းဝယ်ယူလျှက်ရှိပြီး ပြည်ပကြိုက်စားသုံးသီးနှံများဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
ကျန်းမာရေးအကျိုးကျေးဇူးများ
- နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း
- Palmitoleic Acid ပါဝင်မှုကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ခြင်း
- စနစ်တကျစားသုံးခြင်းကြောင့် အဆင့် ၂ ရှိသော ဆီးချိုကို ထိန်းပေးနိုင်ခြင်း
- ကင်ဆာရောဂါဖြစ်နိုင်ခြေများကိုလည်း လျှော့ချပေးခြင်း
- မှတ်ဉာဏ်အား တိုးတက်စေခြင်း
- အဆာခံနိုင်ပြီး သကြားဓာတ်ပါဝင်မှုနည်းခြင်းတို့ကြောင့်ဝိတ်ချရာတွင်သင့်လျော်ခြင်း
- အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း
- သွား၊ အရိုးနှင့် ဆံကေသာများကို ကျန်းမာသန်စွမ်းစေခြင်း
- လေးဘက်နာရောဂါကာကွယ်ပေးခြင်း
DOCA(ရှမ်း)