ရွှေတောင်မြို့နယ်ရှိ ပဲစောင်းလျားသီးဈေးနှုန်းဈေးကွက်

Powered by Drupal

        ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန် ကျေးရွာတွင် ဟင်းသီးဟင်းရွက် အုပ်စုဝင်ဖြစ်သော ပဲစောင်းလျားသီးများ စိုက်ပျိုးလျက်ရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာသို့ သွားရောက်၍ ပဲစောင်းလျားသီးစိုက်ပျိုးသူ ဒေါ်သဇင်အေးနှင့် တွေ့ဆုံ၍မေးမြန်းရာ ပဲစောင်းလျားသီးကို အတို့အမြုပ်ပြုလုပ်၍လည်းကောင်း၊ သုပ်စား၍ လည်းကောင်း စားသုံးကြပါသည်။ ပဲစောင်းလျားမြစ်ကိုလည်း ပဲမြစ်အဖြစ် စားသုံးမှုများကြပါသည်။ ပဲစောင်း လျားပင်ကို နယုန်လတွင် စတင်စိုက်ပျိုးပြီး ဝါခေါင်လတွင် စတင်ခူးဆွတ်ရပါသည်။ မိုးဦးကာလတွင် စိုက်ပျိုးသောသီးနှံဖြစ်၍ ရက်(၉၀)ခန့် အကြာတွင် ခူးဆွတ်ရပါသည်။ စိုက်ပျိုးသည့်မျိုးများမှာ ကင်းခြေများမျိုးဖြစ်ပြီး ဧကဝက်စိုက်ပျိုးကြောင်း သိရှိရပါသည်။ ထိုစိုက်ပျိုးသောဧကဝက်တွင် ပဲစောင်းလျားအပင်ရေ (၁၀၀၀)ကျော်ခန့် စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပဲစောင်းလျားပင် စိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ တစ်ဘောင်နှင့် တစ်ဘောင် အလျားလိုက်မြောင်းဆွဲပြီး ကျင်းများ တူးကာ မျိုးစေ့များထည့်၍ စိုက်ပျိုးရပါသည်။ တစ်ပင်နှင့်တစ်ပင် တတောင်ခန့်ခြား၍ စိုက်ပျိုးရပါသည်။ ပဲစောင်းလျားသီး စတင်ထွက်ပေါ်ချိန်မှစ၍ တစ်ရက်ခြားတစ်ခါ ခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် အတောင့်(၃၀၀၀) ကျော်ခန့် ခူးဆွတ်ရကြောင်း သိရှိရပါသည်။ ထွက်ရှိလာသော ပဲစောင်းလျားသီးများကို ရွှေတောင်ဒေသရှိ ကုန်စိမ်းဒိုင်များမှတစ်ဆင့် ရန်ကုန်မြို့ရှိ ဈေးကွက်နှင့် ပြည်မြို့ရှိ ကုန်စိမ်း ဈေးကွက်သို့ ရောင်းချကြောင်းသိရပါသည်။ ပဲစောင်းလျားသီးဈေးကွက်အနေဖြင့် လက်ကားဈေး တစ်တောင့်လျင် (၄)ကျပ်နှုန်းဖြင့်ရောင်းချသလို လက်လီဈေးတစ်တောင့်လျှင် (၅)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

         ပဲစောင်းလျားသီးစိုက်ပျိုးသူအနေဖြင့် တစ်ရက်ခြားတစ်ခါ ဝင်ငွေ ၁၂၀၀၀ကျပ်ခန့်ရရှိသဖြင့် သုံးစွဲရန်အပိုဝင်ငွေရရှိသလို ဧကများလည်းတိုးချဲ့စိုက်ပျိုးပါက မိသားစုဝင်ငွေလည်းရရှိပြီး အကျိုးအမြတ်ပိုမိုဖြစ်ထွန်းမည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)