အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအတွက် စားသုံးသူကာကွယ်ရေး (ဘေးအန္တရာယ် လုံခြုံစိတ်ချရမှုလိုအပ်ချက်များ) ဆိုင်ရာ စည်းမျဉ်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၃) ရက်၊ သောကြာနေ့၊ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) အစည်းဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများကြောင့် စားသုံးသူများ ဘေးအန္တရာယ်လုံခြုံစိတ်ချရမှု ရှိစေရေးမှာ နိုင်ငံအတွက် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ASEAN EEEMRA (Asean Sectoral Mutal Recognition for Electrical and Electonic Equipment) နှင့် AHEEERR (Asean Harmonized Electrial and Electronic Equipment Regulatory Regime) အစီအစဉ်တို့တွင် ပါဝင်လက်မှတ်ရေးထိုးထားပါကြောင်း၊ အာဆီယံ ၁၀ နိုင်ငံအနက် Regulations ထုတ်ပြန်ရန် ကျန်သော သုံးနိုင်ငံမှာ မြန်မာ၊ လာအို နှင့် ဘရူနိုင်းတို့ ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၊ စားသုံးသူကာကွယ်ရေးကော်မရှင်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့သည် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီအမိန့်၊ ညွှန်ကြားချက် များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ဆောင်ရွက်လျက်ရှိပြီး နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် ARISE Plus ၏ နည်းပညာအကူအညီဖြင့် အိမ်သုံးလျှပ်စစ် ပစ္စည်းများအတွက် စည်းမျဉ်းဥပဒေများ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေပါကြောင်း၊ လျှပ်စစ်ကဏ္ဍသည် ကျယ်ပြန့်သည့် အတွက် နိုင်ငံတကာတွင် သက်ဆိုင်ရာဌာနများက ကဏ္ဍများခွဲ၍ တာဝန်ယူဆောင်ရွက်ကြသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ပါ၍ တက်ရောက်လာသည့်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်နိုင်ကြစေရေး ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က မိမိတို့ဌာနအနေဖြင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်နေမှုများ၊ အာဆီယံစံချိန်စံညွှန်းနှင့် လိုက်လျောညီထွေ ရှိစေရေး လိုက်ပါဆောင်ရွက်မှု အခြေအနေများ၊ ပြည်ပမှ တင်သွင်းလာသော လျှပ်စစ်ပစ္စည်းများ၊ ပြည်တွင်းထုတ် လျှပ်စစ်ပစ္စည်းများအား စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးပေးလျက်ရှိသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဒုတိယ အင်ဂျင်နီယာချုပ်က လျှပ်စစ်ဥပဒေနှင့် ပတ်သက်သော အချက်အလက်များနှင့် ၎င်းဌာနမှ ဆောင်ရွက် နေမှုများကို ဆွေးနွေးပါသည်။ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ဆွေးနွေးရာတွင် မိမိတို့ဌာနသည် စံချိန်စံညွှန်းထုတ်ပြန်နိုင်ရေး Focal ဌာနဖြစ်ပါကြောင်းနှင့် လျှပ်စစ်ပစ္စည်းများနှင့်ပတ်သက်သော ထုတ်ပြန်ပြီးစံချိန်စံညွှန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဝေက နိုင်ငံတွင်း ကြုံတွေ့နေရသည့် လျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်၍ စားသုံးသူထိခိုက်နစ်နာမှုများ၊ ARISE Plus အကူအညီဖြင့် Regulation မူကြမ်း ရေးဆွဲထားရှိမှု အခြေအနေများ၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ကိုးကား၍ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်၍ စားသုံးသူအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက် နိုင်မည့် အခြေအနေများ၊ Regulation မူကြမ်းပါ အချက်အလက်များ၊ ARISE Plus နှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ Regulation ထုတ်ပြန်ဆောင်ရွက်ပါက ရရှိလာမည့် အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအတွက် စားသုံးသူကာကွယ်ရေး (ဘေးအန္တရာယ် လုံခြုံစိတ်ချရမှုလိုအပ်ချက်များ) ဆိုင်ရာ စည်းမျဉ်းဥပဒေများ အမြန်ဆုံး ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ရန် နှင့် Regulation များ ထုတ်ပြန်ရာတွင် ဝန်ကြီးဌာနများ အကြား တာဝန်ယူဆောင်ရွက်ရမည့် အပိုင်းကဏ္ဍများ ထပ်နေမှုမရှိစေရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက် သွားကြရန် မှာကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဒုတိယအင်ဂျင်နီယာချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြာရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။