Languages

အိန္ဒိယနိုင်ငံတွင် ကုန်သည်လက်ဝယ်၌ ကြက်သွန်နီ သိုလှောင်ထားရှိနိုင်မှုပမာဏအား အစိုးရက လျော့ချကန့်သတ်ခြင်း

Powered by Drupal

         ပြည်တွင်းလက်လီ‌ဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာခဲ့ရာ သိုလှောင်ဈေးကစားမှုများအား တားဆီးနိုင်ရန်အတွက် ကုန်သည်များလက်ဝယ်၌ သိုလှောင်ထားရှိနိုင်မည့် ကြက်သွန်နီပမာဏအား ကန့်သတ်ခြင်းကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်း၌ အိန္ဒိယအစိုးရက ဆောင်ရွက်ခဲ့ပါသည်။ လက်လီရောင်းချသူများ၏ ကြက်သွန်နီလက်ဝယ်ထားရှိနိုင်မှုကို ၁၀ တန် မှ ၅ တန်သို့ လည်းကောင်း၊ လက်ကားရောင်းချသူများ၏ သိုလှောင်နိုင်မှုကို တန် ၅၀ မှ ၂၅ တန် သို့လည်းကောင်း လျော့ချသတ်မှတ်ခဲ့သည်။ သို့ရာတွင် ဈေးနှုန်းများ ဆက်လက်မြင့်တက်မှုရှိနေသဖြင့် လက်လီရောင်းချသူများအနေဖြင့် ၎င်းတို့လက်ဝယ်တွင် ကြက်သွန်နီ ၂ တန် ထက် ပိုမိုသိုလှောင်ခြင်းမပြုရန် အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာန မှ ဒီဇင်ဘာလ ဒုတိယပတ်၌ ညွှန်ကြားချက် ထပ်မံထုတ်ပြန်ခဲ့သည်။

       ယခုနှစ် မိုးရာသီကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကြက်သွန်စိုက်ခင်းများ ထိခိုက်ပျက်စီးမှုရှိပြီး ထုတ်လုပ်မှုလျော့ကျလျက် ရောင်းလိုအားနည်းပါးခြင်းက လွန်ခဲ့သော ၂ လတာအတွင်း ပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ အစိုးရ၏ စာရင်းများအရ ၉.၁၂.၂၀၁၉ ရက်နေ့တွင် ကြက်သွန်နီ လက်လီအမြင့်ဆုံးဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၁၆၅ ရူပီးရှိပြီး နိုင်ငံအတွင်း ပျမ်းမျှလက်လီဈေးနှုန်းမှာ ရူပီးငွေ ၁၀၀ ခန့် ရှိသည်။ အရည်အသွေးမြင့်သည့် ကြက်သွန်နီကို သုံးစွဲလေ့ရှိသော အိန္ဒိယနိုင်ငံတောင်ပိုင်း မဟာရတ္ထရပြည်နယ် Solapur မြို့တွင် ကြက်သွန်နီထိပ်စ လက်လီဈေးမှာ ၁ ကီလိုဂရမ်လျှင် ရူပီး ၂၀၀ အထိ ဈေးမြင့်တက်လျက်ရှိသည်။

         ပြည်တွင်း၌ အဓိကစားသုံးကုန်တစ်ရပ်ဖြစ်သော ကြက်သွန်နီလိုအပ်ချက် မြင့်တက်နေမှုအပေါ် ပြည်ပမှ ကြက်သွန်နီ ၁.၂ သိန်း တင်သွင်းဖြည့်ဆည်းနိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်ရန် အိန္ဒိယအစိုးရက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော သတ္တုနှင့်တွင်းထွက်ပစ္စည်းကုန်သွယ်ရေးကော်ပိုရေးရှင်း (MMTC) သို့ ညွှန်ကြားထားပါသည်။ လက်ရှိကာလတွင် တူရကီနှင့် အီဂျစ်နိုင်ငံတို့မှ ကြက်သွန်နီတန်ချိန် ၂၁၀၀၀ တင်သွင်းရန် စာချုပ်ချုပ်ဆိုထားရှိပြီးဖြစ်သည်။ Bussiness Standard သတင်းဌာန၏ ဖော်ပြချက်အရ တမီနာဒူးပြည်နယ် Tiruchi ဆိပ်ကမ်းမြို့၌ အီဂျစ်နိုင်ငံမှ တင်ပို့သော ကြက်သွန်နီတန်ချိန် ၃၀ လက်ခံရရှိပြီး ဈေးကွက်သို့ ဖြန့်ဖြူးခဲ့ရာ လက်လီဈေးနှုန်းအားဖြင့် ၁ ကီလိုလျှင် ရူပီး ၁၀၀ သို့ လျော့ချနိုင်ခဲ့ကြောင်း သိရှိရသည်။ သို့ရာတွင် ပြည်ပမှတင်သွင်းလာမည့် ကြက်သွန်နီများမှာ ပြည်တွင်းဈေးကွက်အတွင်းသို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ လလယ်ပိုင်းခန့်မှသာ အပြည့်အဝရောက်ရှိ ဖြန့်ဖြူးနိုင်ဖွယ်ရှိပြီး အိန္ဒိယနိုင်ငံအတွင်း ကြက်သွန်နီလိုအပ်ချက်မှာ ဒီဇင်ဘာလ စတုတ္ထပတ်အထိ မြင့်တက်လျက်ရှိနေဦးမည်ဖြစ်ကြောင်း ကုန်သည်များက ပြောဆိုလျက်ရှိသည်။

နေအေးလွင်
စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:         1. Govt further caps stock limit on onion retailers to 2 tons to check hoarding, 9 Dec 2019, Economic Times

                   2. The tear-jerker: Onion prices cross Rs 200/kg, 7 Dec 2019, Economic Times

                   3. Government orders import of 4000 tonnes onions, 4 Dec 2019, Economic Times

                   4. Onion prices come down in Tamil Nadu after 30 tonnes import form Egypt, 10 Dec 2019, Bussiness Standard