စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝက်လက်မြို့နယ် တာဝန်ခံ ဦးမျိုးအောင်သည် အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ဝက်လက်မြို့နယ်၊ ရွာသာကြီး ကျေးရွာရှိ ငွေယမင်း ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး ဆန်/စပါး လက်ကျန် အခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ကုန်စည်စီးဆင်းမှု အခြေအနေများကို မေးမြန်း ဆွေးနွေးခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ရွာသာကြီးကျေးရွာ၏ စပါးလက်ကျန်သည် ယခင်ကာလတူထက် နည်းပါးနေပြီဖြစ်ကြောင်း၊ နည်းပါးရခြင်းအကြောင်းမှာ ယခင်နှစ်များက ရာသီကုန်ခါနီးမှသာ စပါးဈေးကွက်မြင့်မားသော်လည်း ယခုနှစ် ဩဂုတ်လမှစတင်၍ စပါးဈေးနှုန်းမှာ သိသိသာသာ မြှင့် တက်လာခြင်းကြောင့် တောင်သူများအနေဖြင့် ဆောလျှင်စွာ ရောင်းချကြောင်း၊ အချို့ တောင်သူများလက်ဝယ်တွင် စပါးအနည်းငယ်သာ ကျန်ရှိတော့ကြောင်း၊ လက်ရှိ စပါးဈေးကွက်မှာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးရာသီစပါးအသစ်မပေါ်မီ အဟောင်း လက်ကျန် ဈေးနှုန်းအနေဖြင့် ရွှေဘိုပေါ်ဆန်း စပါးတင်း (၁၀၀)လျှင် (၂၄၀၀၀၀ဝိ/-) နှင့် ဆန်တစ်တင်းခွဲဝင် တစ်အိတ်လျှင် (၈၅၀၀ဝိ/-) ပေါက်ဈေးရှိပြီး ဆန်ဧရာမင်း စပါးတင်း (၁၀၀) လျှင် (၁၄၅၀၀၀ဝိ/-) နှင့် ဆန်တစ်တင်းခွဲဝင် တစ်အိတ်လျှင် (၆၅၀၀ဝိ/-)ပေါက်ဈေးရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဆန်များကို မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့ တင်ပို့ခြင်းအပြင် ဒေသခံပြည်သူများသို့ ကြိတ်ခွဲရောင်းချပေးခြင်းကြောင့် (၁)ရက်လျှင် အိတ်(၂၀၀)မှ (၃၀၀)အတွင်း စီးဆင်းလျှက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)