မြောင်မြို့နယ်၏ ဆီထွက်သီးနှံ မြေပဲ(မိုး)အကြောင်း တစေ့တစောင်း

Powered by Drupal

         စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်သည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်၊ မြစ်နှစ်ခုကြားတွင် တည်ရှိပြီး မြစ်ရေဝင်ဒေသများဖြစ်၍ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ အများဆုံးစိုက်ပျိုးသော မြို့တစ်မြို့ ဖြစ်ပါသည်။ မြောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်၊ မိုးနှင့်ဆောင်းသီးနှံစိုက်ဧက ၂သိန်း ၃သောင်း ကျော်စိုက်ပျိုးရာ မြေပဲ (မိုး+ဆောင်း) ၃၂၁၆၇ဧကစိုက်ပျိုးပါသည်။

          မြောင်မြို့နယ်သည် မြေပဲသီးနှံကို မိုး၊ဆောင်းနှစ်ရာသီစိုက်ပျိုးပြီး မိုးမြေပဲကို ဇူလိုင်လ တတိပတ်တွင် အများဆုံးစိုက်ပျိုးပါသည်။ မြေပဲပင်၏သက်တမ်းနှင့် အပင်ကြီးထွားမှုပေါ်မူတည်၍ မြေပဲပင်တန်းကြားများ၌ (သံလုံးမှုန်းခြင်း၊ လေးသွားခွဲခြင်း) အဆင့်ဆင့်ထွန်ယက်ပြုပြင်ပြီးနောက် ပေါက်တူးပေါက်ရပါသည်။ သွင်းအားစုအနေဖြင့် ဂျစ်ဆန်ဓာတ်မြေဩဇာကို မြေခံအနေဖြင့် မြေယာ ပြုပြင်ချိန်တွင် ထည့်ပေးရသည်။ တစ်ဧကလျှင်မျိုး ၂.၅တင်းအသုံးပြုပြီး ပိုးမွှားအန္တရာယ်ကာကွယ် ရန်အပင် ၁၅ရက်သားခန့်တွင် အပင်ဟော်မုန်းဆေး ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် အပွင့်အားဆေးနှင့် ပိုးသတ်ဆေး၊ မြေပဲဥစချိန်၌ အားဆေးနှင့် မှိုသတ်‌ဆေးတို့ကို စိုက်ခင်းပေါ်မူတည်၍ ၃/၄ကြိမ် ဖြန်းပေးရပါသည်။ မိုးမြေပဲသည် အောက်တိုဘာ၊ နိုဝင်ဘာများတွင် စတင်ထွက်ပေါ်ပါသည်။ ထွက်ရှိ လာသောမြေပဲများကို လှည်း/ထော်လာဂျီတို့နှင့် တလင်းသို့သယ်ယူ၍ အခြောက်ခံနေလှန်းခြင်း၊ ခြောက်ပြီးမြေပဲများကို ခွဲရန်ခွဲစက်သို့ပို့၍လည်းကောင်း (သို့မဟုတ်)တလင်းသို့ခွဲစက်များကလာ၍ ကြိတ်ခွဲခြင်းနှင့်သော်လည်းကောင်း ပြုလုပ်ကြပါသည်။ ကြိတ်ခွဲခအနေဖြင့် မြေပဲဆံ (စက်ကျ) တစ်တင်း ၁၇၀၀ကျပ်ပေးရပါသည်။ မြေပဲတစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၂.၅တင်း ကုန်ကျစရိတ် ၂၁၂၅၀၀ကျပ်၊ နွားထယ်/ထွန် ၁၀ယှဉ်း ၁၅၀၀၀၀ကျပ်၊ ဂျစ်ဆန် မြေဩဇာဖိုး ၁၈၀၀၀ကျပ်၊ မြေဆွခ ၂၅၀၀၀ကျပ်၊ ပိုးသတ်ဆေး၊ အားဆေး၊ မှိုဆေးဖိုး ၇၅၀၀၀ကျပ်၊ မြေပဲနှုတ်ဆွတ်ခ ၁၈၀၀၀၀ကျပ်၊ သယ်ယူစရိတ်၊ နေလှန်းအခြောက်ခံ လုပ်အားခ ၁၅၀၀၀ကျပ်၊ မြေပဲကြိတ်ခွဲခ မြေပဲဆံရွေးခ ၃၁၂၀၀ကျပ်ကုန်ကျ၍ စုစုပေါင်းကုန်ကျစရိတ် ၇၀၆၇၀၀ကျပ် ကုန်ကျ ပါသည်။ တစ်ဧကပျှမ်းမျှအထွက်နှုန်းအနေဖြင့် မြေပဲအစို (အတောင့်) ၆၀တင်းထွက်ရှိရာ အခြောက် လှန်းပါက မြေပဲ‌(အတောင့်) ၄၀တင်း ထွက်ရှိပြီး ကြိတ်ခွဲပါက မြေပဲ(အဆံ) ၁၃တင်း ထွက်ရှိပါသည်။ သီးနှံစတင်ထွက်ပေါ်ချိန်တွင် မြေပဲဆံတစ်တင်း ၈၅၀၀၀ကျပ် ပေါက်ဈေးရှိသောကြောင့် တစ်ဧက ပျှမ်းမျှအထွက် (၁၃)တင်းဖြင့်တွက်ပါက တစ်ဧကဝင်ငွေ ၁၁၀၅၀၀၀ကျပ်ရရှိ၍ အသားတင်အကျိုး အမြတ် ၃၉၈၃၀၀ကျပ် ရရှိမည်ဖြစ်ပါသည်။ အချို့တောင်သူများသည် မြေပဲသီးနှံစိုက်ခင်းတွင် ပဲစဥ်းငုံသီးနှံကို သီးညှပ်အဖြစ်စိုက်ပျိုးပါသည်။ ပဲစဥ်းငုံသီးနံသည် ဖေဖော်ဝါရီလကုန်နှင့် မတ်လ ဆန်းတွင် ထွက်ပေါ်မည်ဖြစ်ပြီး တစ်ဧက ၆တင်းခန့်ထွက်မည်ဟု ခန့်မှန်းထားပါသည်။ မြေပဲ ပေါ်ချိန်၌ မြေပဲနှုတ်ဆွတ်လုပ်သားတစ်ဦးအနေဖြင့် တစ်ရက်လျှင်ဝင်ငွေ ၉၀၀၀ကျပ်မှ ၁၂၀၀၀ကျပ် ကြား၊မြေပဲရွေးလုပ်သားတစ်ဦးအနေဖြင့် တစ်ရက်လျှင်ဝင်ငွေ ၃၅၀၀မှ ၄၅၀၀ကျပ်ကြား ရရှိပါသည်။

          မြေပဲ/ ပဲစဥ်းငုံစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်သည် ယခင်နှစ်ထက် ကြီးမြင့်သော်လည်း သီးနှံထွက်ပေါ်ချိန်တွင် ဈေးကောင်းရရှိသဖြင့် အကျိုးအမြတ်ပိုမို ရရှိကြောင်း တောင်သူဦးဖိုးချွန်၊ ဦးအောင်ဆန်းဦး၊ ဦးဆန်းထွန်းဦး၊ ဦးကျော်တင်၊ ဦးတင်လှိုင်တို့ထံမှ သိရှိရပါသည်။   

DOCA(စစ်ကိုင်း)