ပြည်ဈေးကွက်တွင် ယခုအပတ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံများဖြစ်သည့် နှမ်းနှင့်မြေပဲဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား လေ့လာသုံးသပ် တင်ပြအပ်ပါသည်။
နှမ်း
ပြည်ခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးနှမ်းစိုက်ဧကမှာ ၆၂၇၀၀ ဧကစိုက်ပျိုးပြီး အောက်တိုဘာလကုန် အထိ ၆၂၆၉၄ ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၀.၂၁) တင်းထွက်ရှိသည်ဟု သိရှိရပါသည်။ ဆောင်းနှမ်းများကိုလည်း ရွှေတောင်မြို့နယ်တွင် စတင်စိုက်ပျိုးနေပြီး စိုက်ဧကမှာ ၃၇၈၀ ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးနှမ်းစိုက်ဧကမှာ ၇၇၁၄၈ ဧက စိုက်ပျိုးရိတ်သိမ်းပြီး အထွက်နှုန်းအနေဖြင့် (၁၀.၇၇) တင်း ထွက်ရှိခဲ့ပါသည်။ ဆောင်းနှမ်းစိုက်ဧကမှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလဆန်းတွင် (၁၉၉၇၃) ဧက စိုက်ပျိုးနိုင်ခဲ့ ပါသည်။ နှမ်းဈေးကွက်အနေဖြင့် ယခုအချိန်တွင် ဝင်ရောက်မှုမရှိသလောက်နည်းပါးပြီး ဈေးကွက်လက်ကျန်အနည်းငယ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နှမ်းဈေးနှုန်းအနေဖြင့် နှမ်းနီဈေးမှာ (၃) တင်းတစ်အိတ်လျှင် ၂၂၀၀၀၀ ကျပ်ဖြင့် ဆီစက်သမားများက ဆီကြိတ်ရန်အတွက် အဝယ်ရှိသဖြင့် ယခင်အပတ်ထက်စာလျှင် ဈေးအနည်းငယ် မြင့်တက်လာခဲ့ပါသည်။ နှမ်းနက်မှာ (၃) တင်းတစ်အိတ်လျှင် ၂၅၀၀၀၀ ကျပ်၊ စမုံနက်နှမ်း (၃) တင်း တစ်အိတ်လျှင် ၂၇၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးများအနည်းငယ်မြင့်တက်လာခဲ့သော်လည်း ဝယ်လက်ဝယ်ယူမှုနည်းသဖြင့် တစ်နေ့လျှင် အိတ်အနည်းငယ်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ နှမ်းဈေးများကိုကြည့်မည်ဆိုလျှင် နှမ်းနီ (၃) တင်းတစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ နှမ်းနက် (၃) တင်းတစ်အိတ်လျှင် ၁၈၀၀၀၀ ကျပ်နှင့် စမုံနက်နှမ်း (၃) တင်းတစ်အိတ်လျှင် ၁၉၀၀၀၀ ကျပ်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုနှစ်ဈေးနှုန်းများဖြင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းမြင့်တက်လာခဲ့ရခြင်းမှာ စိုက်ပျိုးဧကလျော့နည်းလာသဖြင့် အထွက်တင်းလျော့နည်းလာခြင်း၊ စိုက်ပျိုးစရိတ်များကြီးမြင့်ခြင်း၊ သွင်းအားစုဈေးနှုန်းများမြင့်တက်လာခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိိရပါသည်။
မြေပဲ
ဆီထွက်သီးနှံတစ်မျိုးဖြစ်သောမြေပဲကို ပြည်ခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးမြေပဲ စိုက်ဧက ၃၇၉၄၄ စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၅၆.၆၇) တင်းထွက်ရှိပါသည်။ နိုဝင်ဘာလဆန်းမှစ၍ ဆောင်းမြေပဲကို ပန်းတောင်းမြို့နယ်တွင် ၃၀၁၆ ဧက၊ ရွှေတောင်မြို့နယ်တွင် ၇၄၆၀ ဧက စိုက်ပျိုးထားပြီးဖြစ်ပါသည်။ ပြည်ဈေးကွက်သို့ ပြည်-အောင်လံကြားကျေးရွာများနှင့် ရွှေတောင်မြို့နယ်ဘက်ရှိကျေးရွာများမှ ဆောင်းမြေပဲများဝင်ရောက်မှုရှိသလို၊ ပေါက်ခေါင်းမြို့နယ်ဘက်မှ မိုးမြေပဲများဝင်ရောက်မှုရှိသဖြင့် တစ်နေ့လျှင် အိတ် ၄၀၀/၅၀၀ ခန့်သာ ဝင်ရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။ မြေပဲဆန်များဝင်ရောက်မှုရှိသလို အရောင်းအဝယ်မှာလည်း နေ့စဉ်ဖြစ်လျက်ရှိပါသည်။ ယခု နိုဝင်ဘာလတတိယပတ်တွင် မြေပဲဆီဆန်တစ်ပိဿာလျှင် ၄၇၀၀ ကျပ်ဖြင့် အဖြူရောအနီပါ ဈေးတူပြီး၊ ဒေသတွင်းဆီစက်လုပ်ငန်းရှင်များကအဝယ်ရှိသဖြင့် ယခင်အပတ် ထက် ဈေးအနည်းငယ် မြင့်တက်လာခဲ့ပါသည်။ လုံးဆန်(အနီ)တစ်ပိဿာလျှင် ၅၄၀၀ ကျပ်ဖြင့် မြို့တွင်း ပဲလှော်ဖိုသမားကအဝယ်ရှိသလို လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၅၃၀၀ ကျပ်ဖြင့် မြဝတီကိုတင်ပို့ရန် အဝယ်ရှိသော်လည်း ဈေးမှာ ယခင်အပတ်ကအတိုင်း ငြိမ်နေကြောင်း တွေ့ရှိရပါသည်။ မြေပဲဆန်များ အဝင် ပုံမှန်ရှိပြီး ပြည်ဈေးကွက်တွင် အရောင်းအဝယ်ပုံမှန်ဖြစ်၍ တစ်နေ့လျင် အိတ် ၅၀၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)