မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြသည်။ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ (၂)မျိုးခွဲ စိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့် အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြသည်။
ကွမ်းပင်များကို ဝါဆိုလ(ဇွန်လ)တွင် စိုက်ပျိုးကြသည်။ ကွမ်းပျိုးပင်(၁)ပင်လျှင် (၄၀၀-၅၀၀) ကျပ်ပေးဝယ်ရပြီး တစ်ဧကလျှင် ကွမ်းပင် (၃၀၀၀)ခန့်စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးပြီး(၄)လခန့် အရွယ်တွင် ခူးဆွတ်နိုင်ပြီး အစမ်းခူးသည့် အချိန်တွင် ပိဿာ(၄၅-၅၀)ထွက်ရှိပြီး တစ်နှစ်ကျော်လျှင် အထွက်နှုန်းတိုးလာပြီး ပိဿာ(၂၀၀-၂၅၀)အထိထွက်ရှိပါသည်။ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် ကွမ်းအပင်ရေ(၁၀၀၀)ခန့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် မှာ ကျပ်(၁၅)သိန်းခန့်ကုန်ကျပြီး မြေဆီမြေသားကောင်းမွန်မှုနှင့် ဂရုစိုက်မှုပေါ်မူတည်၍ ကွမ်းသက်တမ်း ( ၃နှစ်မှ ၇နှစ်ထိ )ကြာမြင့်သောကြောင့် အကျိုးအမြတ်အနေဖြင့် ကျပ်(၃၀)သိန်းနှင့်အထက် ရရှိကြောင်း သိရှိရပါသည်။
မုံရွာမြို့နယ်ကွမ်းဈေးကွက်အနေဖြင့် နိုဝင်ဘာ ဒုတိယအပတ်တွင် ကွမ်းတစ် ပိဿာလျှင် (၅၀၀၀-၇၀၀၀)ကျပ် ဈေးရရှိပြီး နိုဝင်ဘာ တတိယအပတ်တွင် အရည်အသွေးပေါ် မူတည်ပြီး တစ်ပိဿာလျှင်အနိမ့်ဆုံးဈေး (၈၀၀၀)ကျပ်မှ အမြင့်ဆုံးဈေး (၁၀၀၀၀) ကျပ်အထိ ရောင်းချရပြီး အရောင်းအဝယ်သွက်ကာ ဈေးကောင်းရရှိနေသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေနေကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)