ယင်းမာပင်ခရိုင်သည် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို အဓိက စိုက်ပျိုးထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပါသည်။ နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက ( ၃ ) သိန်းကျော်နှင့် ဆီထွက်သီးနှံ စိုက်ဧက ( ၄ ) သိန်း ဝန်းကျင်ခန့်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဆီထွက်သီးနှံများအနက် နှမ်း၊ မြေပဲနှင့် နေကြာသီးနှံများကို အဓိကစိုက်ပျိုးထုတ်လုပ်လျှက်ရှိရာ နေကြာသီးနှံမှာ ဆီထွက်သီးနှံ စုစုပေါင်း စိုက်ဧက၏ ( ၂၂% ) ခန့်ရှိကြောင်း သိရှိရပါသည်။
ဒေသတွင်း၌ နေကြာသီးနှံကို မိုး၊ ဆောင်းရာသီနှစ်မျိုးစလုံးတွင် စိုက်ပျိုးကြပြီး နှစ်စဉ်ဧက ( ၉ ) သောင်းကျော် စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ်တွင် မိုးနေကြာ ဧက ( ၁ ) သောင်းကျော် စိုက်ပျိုးထွက်ရှိထားကြောင်း၊ ဆောင်းနေကြာကို ဧက ( ၈ ) သောင်းဝန်းကျင်ခန့် စိုက်ပျိုးရန် လျာထားခဲ့ရာမှ ဧက ( ၇ ) သောင်းကျော် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မြေနိမ့်ပိုင်း ဒေသများနှင့် အစောဆုံးထွက်ရှိနေသည့် နှမ်းရိုးပြတ်နှင့် စပါးရိုးပြတ်များ၌ သီးထပ်အဖြစ် ရာသီအမီ စိုက်ပျိုးလျှက်ရှိကြောင်း၊ ရေဆင်းစပ်မျိုးများနှင့် ဒေသမျိုးများကို အဓိက စိုက်ပျိုးထားကြောင်း၊ အများအားဖြင့် သီးသန့်စိုက်ခင်းအဖြစ် အစိုက်များပြီး ကုလားပဲခင်းများ၌လည်း သီးညှပ်အဖြစ် စိုက်ပျိုးထားကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။
ဆီထွက်သီးနှံ ဆောင်းနေကြာသည် စိုက်ပျိုးရလွယ်ကူပြီး ကုန်ကျစရိတ်သက်သာခြင်း၊ ဒေသ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီခြင်း၊ ဒေသတွင်း ဈေးကွက်၌ ဝယ်လိုအားရှိနေခြင်းနှင့် ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိနေခြင်းများကြောင့် တောင်သူများ နှစ်စဉ်ပုံမှန် စိုက်ပျိုးလျှက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)