တီထွင်ထုဆစ် Resin အနုပညာသစ်

Powered by Drupal

            Resin သည် ကော်ရည်တစ်မျိုးဖြစ်ပြီး ဓာတုဗေဒအခေါ်အဝေါ်အရ Polyepoxide တစ်နည်းအားဖြင့် ပိုလီမာဓာတ်ပေါင်းတစ်မျိုးဖြစ်ပါသည်။ Plant Resin ကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြပြီး ဂရိလူမျိုးများမှာ    Plant Resin အား အမွှေးတိုင်လို ရနံ့အတွက် အသုံးပြုကြကြောင်း    လေ့လာသိရှိရပါသည်။

           Resin ကို  ပြင်သစ်စကား Resine ဟုခေါ်ဝေါ်ကြပြီး လက်တင်စကားအရ Resin အဖြစ်ပြောင်းလဲ ခေါ်ဝေါ် ခဲ့ကြပါသည်။ Resin တွင် အဓိကအားဖြင့် UV resin၊  Polyurethane resin၊ Epoxy resin၊ Polyester resin ဟု (၄)မျိုးရှိကြောင်း သိရှိရပါသည်။ Resin သည် ကြည်လင်တောက်ပခြင်း၊ အပူဒဏ်ခံနိုင်ခြင်း၊ အလွယ်တကူမကွဲအက်နိုင်ခြင်း စသည့်ဂုတ်သတ္တိများရှိခြင်းကြောင့် ရေရှည်အသုံးပြုနိုင်သည့်ဆေးရည်တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

          ပဲခူးတိုင်းဒေသကြီးတွင် Resin ကော်ရည်ကိုအသုံးပြုကာ သစ်ကိုအခြေခံ၍ အနုပညာဆန်ဆန်ဖန်တီးထုတ်လုပ်သော လုပ်ငန်းရှိပါသည်။ ရေရှည်တွင် နိုင်ငံတကာကို ဝင်ရောက်ထိုးဖောက်နိုင်ရန် အရည်အသွေးမှီသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အောက်ပါအတိုင်း လေ့လာတင်ပြလိုက်ရပါသည်-

 

သစ်သားပရိဘောဂ Resin ထုတ်ကုန် ထုတ်လုပ်ပုံအဆင့်ဆင့်

          ကုက္ကိုသား သစ်သားပြားအား ပိုးသတ်သန့်စင်ပြီး လိုချင်သောဆိုဒ်ရရှိရန်အတွက် ဖြတ်တောက်ရပါသည်။ ထို့နောက် ရွေဘော်ထိုး၍ မျက်နှာပြင်ညီညာအောင်ပြုလုပ်ကာ ကော်ပတ်အကြမ်းစားခြင်း ဆောင်ရွက်ရပါသည်။ ကော်ပတ်စားပြီးပါက စားပွဲပြုလုပ်၍ သစ်သားပြားအား Form Work ပြုလုပ်ပြီး Resin (ပယင်းကို မှီငြိမ်းအ‌ခြေခံ၍ ထုတ်လုပ်ထားသော Polymer ဓာတု ဓာတ်ပေါင်းတစ်မျိုး) ကော်ရည်အား မိမိလိုချင်သော အရောင်‌ရောစပ်ကာ ဆေးရည်သွင်းပါသည်။ ဆေးရည်ခဲရန် (၄၈) နာရီကြာပြီး အေးခဲသွားသောအခါ ကော်ပတ်အဆင့်ဆင့် ပြန်လည်စားပေးရပါသည်။ ကော်ပတ်စားပြီးနောက် Resin Top Code အားအပေါ်မှ ထပ်မံ Coating ပြုလုပ်ပြီး လိုက်ကာတစ်ထပ်အုပ်ရပါသည်။ လိုက်ကာခြောက်သွေ့ချိန် (၆) နာရီ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးအသုံးပြုရန်အတွက်  အဆင့်ဆင့်ကုန်ချောကို ရရှိကြောင်း သိရှိရပါသည်။

 

Wire Art ပြုလုပ်ပုံအဆင့်ဆင့်          

        ပန်းချီဆွဲရန် သစ်သားပြားအား ကော်ပတ်စားပြီးနောက်   ၎င်းအပြားပေါ်တွင် ခဲဖြင့်ပန်းချီကောက်ကြောင်း အရင်ဆုံးစတင်ရေးဆွဲပါသည်။ ၎င်းကောက်ကြောင်းအပေါ်တွင် 12 Gade Wire  ဖြင့် ထပ်မံကွပ်ပေးရပါသည်။ Wire ကွပ်ထားပြီးသား ပန်းချီအတွင်းသို့ မိမိထည့်သွင်းလိုသည့် အရောင်ရောစပ်ကာ Resin ဆေးရည်အား (20 mm) ဆေးထိုးအပ်ဖြင့် ဖြည်းဖြည်းချင်း ဆေးသွင်းရပါသည်။ ဆေးရည်ခဲချိန် (၄၅) မိနစ်အတွင်း မိမိဆေးရည်အားအချိန်မှီ ဆေးသွင်းရန် အရေးကြီးပါသည်။ ဆေးရည်မာကြောခဲသွားချိန် (၄၈) နာရီစောင့်ဆိုင်းပြီးနောက် ကော်ပတ်အဆင့်ဆင့်စားပြီး Polyuthane Sealar အောက်ခံဆေးသွင်းရပါသည် ။ PU Sealar နှစ်ကုဒ်သွင်းပြီးနောက် လိုက်ကာတစ်ထပ် ထပ်မံသုတ်ပေးရပါသည်။ လိုက်ကာခြောက်သွေ့ချိန် (၆) နာရီကြာစောင့်ဆိုင်းပြီးနောက် အသုံးပြုနိုင်သော Wire Art ပန်းချီကားရရှိကြောင်း သိရှိရပါသည်။

 

 

ကုန်ကြမ်းရရှိမှု

           Resin စားပွဲနှင့် သစ်သားပရိဘောဂများပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် သစ်မာမျိုးစုံ (ကုက္ကို ၊ ပိတောက်)ကို အသုံးပြုရပါသည်။ ဒေသသုံးသစ်များ၊ လမ်းမီးဘေးမလွတ်သည့်သစ်များ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုလဲသွားသောသစ်ပင်များ၊ လမ်းဘေးကျီးပေါင်းတက်သစ်ပင်များကို ဝယ်ယူ၍ ကုန်ကြမ်းအဖြစ် အသုံးပြုကြောင်း သိရှိရပါသည် ။

 

အကျိုးအမြတ်ရရှိမှု

          သစ်အခြေခံပရိဘောဂနှင့် Resin ထုတ်ကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းဖြစ်သောသစ်မာများနှင့် အလုပ်သမားခများအတွက် ထိုက်သင့်သလောက် ရင်းနှီးမြုပ်နှံထားရပြီး သုံးစွဲရသည့်ပစ္စည်း၊ အသုံးပြုရသည့်ကုန်ကြမ်း၊ အတတ်ပညာနှင့်တီထွင်ဖန်တီးနိုင်မှုပေါ်မူတည်၍ ထိုက်သင့်သလောက် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။ ထုတ်လုပ်သည့် ပစ္စည်းအမျိုးအစားပေါ် မူတည်၍ အနိမ့်ဆုံး ကျပ် ၁၀၀၀-/ မှ ကျပ်သိန်း ၂၀ ခန့်ထိ ပစ္စည်းအမျိုးအစားပေါ် မူတည်၍ ရောင်းချပါကြောင်း သိရှိရပါသည်။

 

ဈေးကွက်ဖြန့်ဖြူးမှု

         Onlineမှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးရောင်းချခြင်း၊ မန္တလေး၊ လားရှိုးမှတစ်ဆင့် နယ်စပ်ဒေသအထိ ဖြန့်ဖြူးရောင်းချခြင်း၊ ထိုမှတစ်ဆင့် နိုင်ငံခြားတင်ပို့မှုရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့်  ပန်းပုနှင့် Resin ထုတ်ကုန်အား တရုတ်နိုင်ငံနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများအား တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

         ပယင်းကို မှီငြမ်းကာ အခြေခံ၍ Polymer ဓာတုဓာတ်ပေါင်း ထုတ်လုပ်ထားသော Resin ထုတ်ကုန်များသည် နိုင်ငံခြားဈေးကွက်တန်းဝင် လက်မှုပညာများဖြစ်သည့်အပြင် မြန်မာ့အနုပညာကိုအခြေခံကာ ခေတ်မီသစ်ဆန်းသော အနုပညာရပ်များကိုပုံဖော်၍ လက်တွေ့ကျကျ ဖန်တီးထားသောထုတ်ကုန်များဖြစ်ပါသည်။ တီထွင်ဆန်းသစ်ဖန်တီးနိုင်သော အနုပညာရပ်တစ်ခုအဖြစ် ကမ္ဘာကသိအောင် ဖော်ပြနိုင်သောလုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ ငွေကြေးအရသော်လည်းကောင်း၊ နိုင်ငံခြားဈေးကွက် ဖောက်ထွင်းနိုင်ရန်အတွက် ဈေးကွက်ဖန်တီးပေးခြင်းသော်လည်းကောင်း ပံ့ပိုးပေးနိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေးဖွံ့ဖြိုး တိုးတက်ရုံမက နိုင်ငံ၏စီးပွားရေးလည်း တိုးတက်မည့်အပြင် နိုင်ငံခြားဝင်ငွေရရှိမှုလည်း တိုးပွားလာမည်ဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည် ။

       ယခုအခါ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ( Myantrade) မှလည်း ပြည်တွင်းဈေးကွက်ရရှိရန် လိုအပ်လျက်ရှိသောလုပ်ငန်းရှင်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည် ။ လုပ်ငန်းရှင်များမှ တိုင်းဒေသကြီး /ပြည်နယ် ကုန်သွယ်မှုစင်တာများနှင့် ဆက်သွယ်၍လည်း မိမိတို့ လုပ်ငန်းဈေးကွက်ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်နိုင်သလို တိုင်းဒေသကြီး /ပြည်နယ် အသီးသီးတွင်ရှိသော စားသုံးသူရေးရာဦးစီးဌာနမှလည်း လိုအပ်သည်များ ချိတ်ဆက်ကူညီပေးနေပြီဖြစ်ပါသည်။

         ပြည်ပဈေးကွက်ရရှိရေးအတွက် လိုအပ်ပါကလည်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့မှ တဆင့် နိုင်ငံအသီးသီးတွင် ရှိနေသည့်စီးပွားရေးသံမှူးများမှတဆင့် ချိတ်ဆက်ကူညီခြင်း၊ MSMEs စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ လွှင့်တင်ထားသည့် မြန်မာအပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန  (Myanmar International Trade Center) Website (http://mitc.myantrade.gov.mm/ ) တွင် နိုင်ငံခြားသို့ တင်ပို့ရောင်းချလိုသည့် ၏ပစ္စည်းများကို တင်ပြထားသည့် Myanmar Pavilion တွင် အခမဲ့ တင်ပြရောင်းချနိုင်ခြင်း၊  ပို့ကုန်တင်ပို့ ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များ သိရှိလိုသည့်ကိစ္စရပ်များ၊ တစ်နှစ်အတွင်း ကျင်းပဆောင်ရွက်မည့် ပြည်တွင်း၊ ပြည်ပကုန်စည်ပြပွဲများကို လေ့လာခြင်းများဆောင်ရွက်နိုင်ပါကြောင်း သတင်းစကားပါးလိုက်ရပါတယ်ရှင်။

DOCA(ပဲခူး)