ပြည်ခရိုင်၏ နှမ်းသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နှမ်းသီးနှံ၏ ၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းနှိုင်းယှဉ်ချက်များကို လေ့လာသုံး သပ်တင်ပြ အပ်ပါသည်။

နှမ်းနီ

          ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလဆန်းတွင် နှမ်းနီဈေးမှာ (၃)တင်းတစ်အိတ်လျှင် ၁၀၀၀၀၀ကျပ် ဈေးရှိခဲ့ပြီး ဖေဖော်ဝါရီလတွင် (၃)တင်းတစ်အိတ်လျင် ၁၆၀၀၀၀ကျပ်ဖြင့် ဆီစက်သမားများ အဝယ်လိုက်လာသဖြင့် ဈေးများပြန်လည်မြင့်တက်လာခဲ့ပါသည်။ မတ်လမှစ၍ ဇွန်လဆန်းပိုင်းအထိ (၃)တင်းတစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်ဖြင့် ဈေးပြန်ကျလာခဲ့ပါသည်။ ဇွန်လကုန်ပိုင်းမှစ၍ ဇူလိုင်လကုန်အတွင်း တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ဖြင့် မကွေးတိုင်းမှအဝယ်ရှိ၍ ဈေးပြန်မြင့်လာပြီး တစ်ရက်လျှင် အိတ် ၅၀၀/၆၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဩဂုတ်လတွင် နှမ်းနီ ဈေးများ ဆက်လက်မြင့်တက်လာခဲ့ပြီး တစ်အိတ်လျှင် ၁၉၅၀၀၀-၂၃၀၀၀၀ကျပ်ထိရှိလာကာ စက်တင်ဘာလ ဆန်းပိုင်းမှစ၍ ဆီစက်သမားများက သီတင်းကျွတ်အခါသမယအတွက် ဆီကြိတ်ရန် ဝယ်ယူမှုရှိသဖြင့် တစ်အိတ်လျှင် ၂၄၅၀၀၀ကျပ်မှ စ၍ ဈေးနှုန်းများမြင့်တက်လာခဲ့ရာ အောက်တို ဘာလဆန်းတွင် တစ်အိတ်လျှင် ၂၆၀၀၀၀ကျပ်အထိဈေးအမြင့်ဆုံးထိ တက်လာခဲ့ပါသည်။ အောက်တိုဘာလ ဒုတိယပတ်မှစ၍ နိုဝင်ဘာလအတွင်း ဝင်ရောက်မှုများမရှိခြင်း၊ ဝယ်လက် ဝယ်ယူမှု နည်းသွားခြင်းကြောင့် အရောင်းအဝယ်အေးသွားသဖြင့် နှမ်းနီဈေးမှာ တစ်အိတ်လျှင်၂၂၀၀၀၀-၂၄၅၀၀၀ကျပ် အထိဈေးများကျဆင်းလာကြောင်း သိရှိရပါသည်။

နှမ်းနက်

       ပြည်ဈေးကွက်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလဆန်းတွင် နှမ်းနက်(၃)တင်းတစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်ဖြင့် ဈေးဖွင့်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဇန်နဝါရီလကုန်မှစ၍ ဖေဖော်ဝါရီလ ကုန်အထိ တစ်အိတ်လျှင် ၂၀၀၀၀၀ကျပ်ဖြင့် အောင်လံဘက်မှ ဝယ်ယူမှုရှိသဖြင့် တစ်နေ့လျှင် အိတ် ၆၀၀/၇၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မတ်လဆန်းမှစ၍ ဧပြီလ တတိယပတ်တွင် တစ်အိတ်လျှင် ၁၈၀၀၀၀ကျပ်ဖြင့် တစ်အိတ်လျှင် ၂၀၀၀၀ကျပ်ခန့် ဈေးနှုန်းများကျဆင်းလာသလို မေလကုန်မှ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၁၆၀၀၀၀-၁၆၅၀၀၀ကျပ်ဖြင့် ဝယ်လက်ဝယ်ယူမှု နည်းသွားသဖြင့် နှမ်းနက်ဈေးမှာ ဆက်လက်ကျဆင်းလာခဲ့ပါသည်။ ဇွန်လဒုတိယပတ်မှ ဇူလိုင်လ တတိယပတ်ထိ တစ်အိတ်လျှင် ၁၇၀၀၀၀-၁၈၀၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ်ပြန်လည်မြင့် တက်လာခဲ့ပါသည်။ ဇူလိုင်လနောက်ဆုံးပတ်မှစ၍ ဩဂုတ်လကုန်ထိ မြို့တွင်းရှိပွဲရုံများက လှောင်ရန် အဝယ်ရှိသလို ရန်ကုန်ဝယ်လက်များကအဝယ်ရှိသဖြင့် တစ်အိတ်လျှင် ၂၀၀၀၀၀-၂၂၀၀၀၀-၂၄၀၀၀၀ ကျပ်ထိ ဈေးနှုန်းများမြင့်တက်လာခဲ့ပြီး တစ်ရက်လျှင် အိတ် (၅၀၀)ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စက်တင်ဘာလဆန်းပိုင်းမှ အောက်တိုဘာလကုန်အထိ ဝယ်လက်များ အဝယ်ပြန်လိုက်လာ၍ တစ်အိတ်လျှင် ၂၇၀၀၀၀-၂၈၀၀၀၀ကျပ်အထိ ဈေးအမြင့်ဆုံး တက်လာခဲ့ပါသည်။ နိုဝင်ဘာလအတွင်း အရောင်းအဝယ်များအေးလာသဖြင့် တစ်အိတ်ကို ၂၃၀၀၀၀ ကျပ်ဖြင့် တစ်အိတ်လျှင် ၅၀၀၀၀ကျပ်အထိ ဈေးများကျဆင်းကြောင်း သိရှိရပါသည်။

စမုံနက်()သိပ္ပံနှမ်း

          ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် ပြည်ဈေးကွက်၌ အရောင်းအဝယ်လျက်ရှိသော စမုံနက်နှမ်း(ခ) သိပ္ပံနှမ်းဈေးမှာ (၃)တင်းတစ်အိတ်လျှင် ၁၇၀၀၀၀ကျပ်ဖြင့် ဈေးဖွင့်ပြီး အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ဖေဖော်ဝါရီလတွင် တစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်ဖြင့် ရန်ကုန်ဝယ်လက်အဝယ်ရှိ၍ တစ်နေ့လျင် အိတ် ၅၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မတ်လနှင့် ဧပြီလတွင် ဝယ်လက် ဝယ်ယူမှု နည်းသွားသဖြင့် တစ်အိတ်လျှင် ၂၀၀၀၀၀-၂၁၀၀၀၀ကျပ်ဖြင့် ဈေးများကျဆင်း လာခဲ့ပါသည်။ မေလတွင် နှမ်းဈေးများဆက်လက်ကျဆင်းလာပြီး တစ်အိတ်လျှင် ၁၈၀၀၀၀ကျပ်ဖြင့် တစ်အိတ်လျှင် ၂၀၀၀၀-၃၀၀၀၀ခန့် ဈေးကျလာခဲ့ပါသည်။ ဇွန်လနှင့်ဇူလိုင်လတွင် ပြည်ပတင်ပို့ရန် အဝယ်ပြန်လိုက်လာသဖြင့် တစ်အိတ်လျှင် ၂၁၀၀၀၀-၂၂၀၀၀၀-၂၃၅၀၀၀၀ကျပ် ထိဈေးများ မြင့်တက်လာပြီး တစ်နေ့လျှင် အိတ် (၅၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဩဂုတ်လနှင့် စက်တင်ဘာလတွင် တစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပြီး အောက်တိုဘာလတွင် တစ်အိတ်လျှင် ၂၇၀၀၀၀-၃၀၀၀၀၀-၃၂၀၀၀၀ကျပ်ဖြင့် ဈေးပြန်မြင့်တက်လာပါသည်။  နိုဝင်ဘာလ တွင် (၃)တင်းတစ်အိတ်လျှင် ၂၃၀၀၀၀၀ ကျပ်ဖြင့် ဈေးများပြန်လည်ကျဆင်းလာပြီး အရောင်း အဝယ်လည်း အေးသွားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)