“ဝင်ငွေတိုးမည့် သင်္ဘောပင်များတိုးချဲ့စိုက်ပျိုးသင့်”

Powered by Drupal

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုအခြေခံလျှက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုလည်း ခေတ်မှီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်လျှက်ရှိပါ သည်။ ကျေးလက်ဒေသများတွင် နေထိုင်ကြသော တောင်သူလယ်သမားမိသားစုများသည်လည်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်လာကြပါသည် ။ ရာသီဥတုသုံးမျိုးရှိသော် လည်း တောင်သူလယ်သမားကြီးများသည် ရာသီအလိုက် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ ၊ ဟင်းသီး ဟင်းရွက်၊သစ်သီးဝလံများကိုလည်းတိုးချဲ့စိုက်ပျိုးလာကြသည်ကိုလည်းတွေ့မြင်ရပါသည်။ ၄င်းတို့ အနက်မှ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သော စျေးကွက်ဝယ်လိုအားရှိသည့် သင်္ဘောပင်များကို တိုးချဲ့စိုက်ပျိုးကြပါသည်။

        သင်္ဘောပင်မှာ ပူအိုက်စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး မြန်မာနိုင်ငံ၏နေရာ ဒေသမရွေးစိုက်ပျိုးနိုင်ပြီး မည်သည့်မြေအမျိုးအစားမဆို စိုက်ပျိုးနိုင်သော်လည်း မိုးများခြင်း ၊ အပင်ခြေရေဝပ်ခြင်းများကိုမနှစ်သက်ပါ ။ သင်္ဘောပင်ကို စိုက်ပျိုးရာတွင် မျိုးကောင်း မျိုးသန့်များ ကိုရွေးချယ်စိုက်ပျိုး သင့်ပါသည်။ သင်္ဘောပင်မျိုးစေ့များကို မျိုးအိတ် ၊ ပျိုးဘောင်များဖြင့် စနစ်တကျ ပျိုးထောင်ပြီး ပျိုးပင်များဖြစ်ထွန်းလာပါက မြေကျင်းများတူး၍ (၂)ပေခြား ၊ (၃)ပေခြား စိုက်ပျိုး ပေးရပါသည်။ သင်္ဘောပင်ကို မိုးနှောင်းကာလများတွင် စတင်စိုက်ပျိုးပါက ပိုမိုသင့်တော်ပါသည် ။ မိုးဦးကျကာလဖြစ်သော ကဆုန်လနှင့်ဝါဆိုလများတွင် စတင်စိုက်ပျိုးပါက သင်္ဘောပင်များ အပင် ရှင်သန်၍ အမြစ်အမြန်တွယ်လာနိုင်ပါသည်။ သင်္ဘောတစ်ဧက ကုန်ကျစရိတ်မှာ ဒေသအလိုက် (၃၅၀၀၀၀-၄၀၀၀၀၀)ကျပ်ခန့်ရှိပြီး မြေဆီမြေသြဇာ ကျွေးသည့် အပေါ်မူတည်၍ အသီးအပွင့်များ ဝေဆာ၍အပင်သက်တမ်း ကြာနိုင်ပါသည်။

      သင်္ဘောသီးအမှည့်၊ အစိမ်းများကို နေရာဒေသမရွေးကျောင်းများနှင့်ရပ်ကွက်များတွင်နေ့စဉ် ရောင်းချလျက်ရှိပါသည်။ သင်္ဘောသီးအမှည့် စျေးနှုန်းအနေဖြင့် အလုံးပေါ်မူတည်၍ တစ်လုံးလျှင် (၅၀၀-၁၀၀၀)ကျပ်၊ သင်္ဘောသီးအစိမ်းတစ်လုံးလျှင် ဖောက်သည်စျေး(၁၀၀-၁၅၀)ကျပ်စျေးနှုန်းများ ဖြင့်ရောင်းဝယ်လျှက်ရှိပါသည်။ သင်္ဘောသီးအမှည့်ကို သရေစာအဖြစ်စားသုံးသလို၊ သင်္ဘောသီး ဖျော်ရည်အဖြစ်လည်း သောက်သုံးကြပါသည် ။ သင်္ဘောသီးအစိမ်းများကို ရခိုင်အသုပ်အဖြစ် လည်းကောင်း ၊ ယိုးဒယားသင်္ဘောသီးထောင်းအဖြစ်လည်းကောင်း ၊ ရိုးရိုးဗမာသုပ်အဖြစ် လည်းကောင်းစားသုံးကြပါသည်။ စားသုံးသူပြည်သူအများစုမှာ သင်္ဘောသီး အစိမ်းနှင့်အမှည့်များကို စားသုံးကြသဖြင့် တောင်သူဦးကြီးများအနေဖြင့် နေ့စဉ်ဝင်ငွေတိုးစေမည့် သင်္ဘောပင်များကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)