ဒေသထွက်ကုန်များမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်ချီတက်ကြပါစို့

Powered by Drupal

       မွန်ပြည်နယ်သည် တောင်ကုန်းတောင်တန်းများထူထပ်သော ပြည်နယ်တစ်ခုဖြစ်သည့်အပြင် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီး ရာသီဥတုမှာလည်း အပူပိုင်းမုတ်သုံရာသီဥတုဖြစ်သဖြင့် ကောက်ပဲသီးနှံ၊ သစ်သီးဝလံ၊ ရေထွက်သယံဇာတများ ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။ အချုပ်အားဖြင့်ဆိုရလျှင် ဒေသထွက်ကုန်အများအပြားထွက်ရှိသည့် ပြည်နယ်တစ်ခုဆိုလျှင်လည်း မှားမည်မထင်ပါ။ မွန်ပြည်နယ်၏ ထင်ရှားသော ဒေသထွက်ကုန်အချို့မှာ ဆန်စပါး၊ ရော်ဘာ၊ ရေထွက်ပစ္စည်းများ၊ ဆား၊ သစ်သီးဝလံများ၊ ဝဥ စသည်တို့ဖြစ်သည်။

ဆန်/စပါး

          မွန်ပြည်နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက (၆၈၇၈၂၈) ဧက၊ အထွက်တင်းပေါင်း (၄၃၃၃၅၂၀၁) တင်းရှိပြီး နွေစပါးစိုက်ဧက (၄၃၅၇၂) ဧက၊ အထွက် (၁၉၄၉၆၀၁) တင်း ထွက်ရှိပါသည်။ အဓိကစိုက်ပျိုးသောမျိုးများမှာ မိုးစပါးအနေဖြင့် ပေါ်ဆန်းစပါးကိုအဓိကစိုက်ပျိုးပြီး နွေစပါးအနေဖြင့် ရက် (၉၀) ဧည့်မထအုပ်စုကို အဓိကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပြည်နယ်အတွင်း ဆန်စက်အကြီးစား (၂၃) လုံး၊ အလတ်စား (၇၂) လုံး၊ အငယ်စား (၅၃၁)လုံး၊ စုစုပေါင်းဆန်စက် (၆၂၆) လုံးရှိပါသည်။ မွန်ပြည်နယ်အနေဖြင့် ဆန်စပါးဖူလုံမှုရှိရုံသာမက ပြည်ပသို့ပါ တင်ပို့လျက်ရှိပါသည်။

          စပါးမျိုးကောင်းမျိုးသန့်များဖြင့် စက်မှုလယ်ယာစနစ်ကိုဖော်ဆောင်နိုင်ပါက စပါးအထွက်များစွာတိုးလာမည်ဖြစ်ပြီး စပါးအထွက်တိုးလာမှုများကို အချိန်မီကြိတ်ခွဲနိုင်ရေးနှင့် Export Quality မှီအောင် ကြိတ်ခွဲနိုင်ရေး ဆန်စက်များကို အဆင့်မြှင့်တင်ရန်နှင့် တိုးချဲ့တည်ဆောက်နိုင်ရန်အတွက် မတည်ရင်းနှီးငွေများ လိုအပ်လျက်ရှိပါသည်။

 ရော်ဘာ

          မွန်ပြည်နယ်၏အခြားထွက်ကုန်တစ်ခုမှာ ရော်ဘာဖြစ်သည်။ မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးသည့်ဧရိယာ၏ (၃၀%)ကျော် စိုက်ပျိုးထားသည့် ရော်ဘာပြည်နယ်တစ်ခုဖြစ်ပြီး ရော်ဘာအစေးရည်မှ မှိုင်းခံရော်ဘာပြားများအပြင် ခရမ့်ရော်ဘာများထုတ်လုပ်ခြင်း၊ ရော်ဘာပင်အိုးခုတ်လှဲပြီး ရော်ဘာသစ်နှင့်ရော်ဘာသစ်ပါးလွှာများထုတ်လုပ်ခြင်းများကို ဌာနနှင့်ပုဂ္ဂလိကကဏ္ဍများမှ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၁-၂၀၂၂၂ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်၏ ရော်ဘာစိုက်ဧက (၅၀၁၇၁၉) ဧကရှိပြီး အစေးလှီးဧက (၃၃၀၀၁၄) ဧကရှိရာ ထွက်ရှိမှု (၂၃၆၉၅၄၆၅၈) ပေါင် (တန်အားဖြင့် ၁၀၇၄၈၁) တန် ထွက်ရှိကြောင်း သိရှိရပါသည်။ ပြည်နယ်တွင်းသုံးစွဲမှုအနေဖြင့် ခရမ့်ရော်ဘာစက်ရုံ၊ သားရေကွင်း/ပူပေါင်း/ဘောလုံး/ဖိနပ် လုပ်ငန်းများမှ တန်ချိန် (၁၂၀၀၀) နီးပါးခန့် သုံးစွဲကြောင်း သိရှိရပါသည်။ ပြည်တွင်းသုံးစွဲမှုပိုလျှံသောရော်ဘာများကို ပုဂ္ဂလိကဝယ်လက်များမှတစ်ဆင့် ရော်ဘာအဝယ်ဒိုင်/ကုမ္ပဏီများတွင် စုစည်းကာ ရန်ကုန်/မန္တလေးရှိ ကုမ္ပဏီများသို့တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပသို့တင်ပို့ကြောင်း သိရှိရပါသည်။

          မွန်ပြည်နယ်မှ ရော်ဘာတစ်ဧကအထွက်နှုန်းသည် အိမ်နီးချင်းရော်ဘာစိုက်သည့်နိုင်ငံများ၏ အထွက်နှုန်းနှင့်နှိုင်းယှဉ်ပါက လျော့နည်းနေပြီး ရော်ဘာခြံကြီးများမှလွဲ၍ ခြံငယ်၊ ခြံလတ်များမှထုတ်လုပ်နေသော ရော်ဘာအရည်အသွေးသည်လည်း နိုင်ငံတကာအဆင့်အတန်းမီ ထုတ်လုပ်နိုင်မှုမရှိခြင်းကြောင့် နိုင်ငံတကာဈေးကွက်တွင် ဈေးနှုန်းရရှိမှုနိမ့်ကျနေကြောင်း တွေ့ရှိရပါသည်။

          မွန်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအနက် (၉၀%) ကျော်ခန့်သည် ခြံငယ်ရှင်များဖြစ်ပြီး တူညီ‌ကောင်းမွန်သောအရည်အသွေးဖြင့် ကုန်ကြမ်း/ကုန်ချောထုတ်လုပ်ရန် အခက်အခဲများရှိနေသောကြောင့် ခြံရှင်ငယ်များကို စုဖွဲ့၍သော်လည်းကောင်း၊ အသင်းအဖွဲ့များအနေဖြင့်သော်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း၊ မှိုင်းရုံများတည်ဆောက်ခြင်း၊ မှန်ကန်သောအက်ဆစ်ကိုသုံးစေခြင်း၊ နည်းပညာနှင့်ကာလရှည်ချေးငွေများ လိုအပ်မည်ဖြစ်ပါသည်။ မွန်ပြည်နယ်၏ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများလည်း ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။

ရေထွက်ပစ္စည်းများ

          မွန်ပြည်နယ်သည် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်စသည့် ရေချိုမြစ်ကြီးများနှင့်ဆက်စပ်နေသည့်အပြင် မုတ္တမပင်လယ်ကွေ့၊ တနင်္သာရီကမ်းရိုးတန်းတို့နှင့် ဆက်စပ်တည်ရှိပြီး ရေချို၊ ရေငန် သယံဇာတပေါကြွယ်ဝသော ဒေသတစ်ခုဖြစ်ပါသည်။ မွန်ပြည်နယ်အတွင်းမှ ထွက်ရှိသောငါး၊ ပုဇွန်များကို ပြည်တွင်းစားသုံးခြင်းအပြင် ပြည်ပတင်ပို့နိုင်ရန်အတွက် အအေးခန်းစက်ရုံ (၆) ရုံမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် (၄၀၅၂) တန်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စက်တင်ဘာလထိ မက်ထရစ်တန်ချိန် (၂၃၉၅) တန်ခန့် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

          ငါးဖမ်းလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာငွေကြေးလဲလှယ်မှုနှုန်းထားများ မြင့်တက်နေခြင်းကြောင့် ပြည်ပမှဝယ်ယူရသော ငါးဖမ်းလုပ်ငန်းသုံးပိုက်များ၊ လောင်စာဆီများပါ မြင့်တက်လျက်ရှိသဖြင့် တွက်ခြေကိုက်မှုနည်းပါးကြောင်း သိရှိရပါသည်။

ဆား

          မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် တတိယ ဆားအများဆုံးထုတ်လုပ်သော ဒေသတစ်ခုဖြစ်သည်။ မွန်ပြည်နယ်တွင် ဆားကွင်းပေါင်း (၈၇) ကွင်း၊ လုပ်ကွက်ဧက (၄၃၀၀) ခန့်နှင့် ဆားကြိတ်စက်ပေါင်း (၁၆) စက်ရှိရာ အဆိုပါစက်များမှ နှစ်စဉ် ဆားကြမ်းတန်ချိန် (၄၀၀၀၀) ခန့်၊ ဆားချောတန်ချိန် (၁၀၀၀၀) ခန့် ကြိတ်ခွဲထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။ ဆားချောများကို ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းများသို့သာ ဖြန့်ဖြူးရောင်းချရသဖြင့် ဈေးကွက်အားဖြင့် ကျဉ်းမြောင်းပါသည်။

          ဆားကြမ်းများကို အဆင့်မြင့်အိုင်အိုဒင်းဆားချော စက်ရုံတည်ဆောက်ထုတ်လုပ်နိုင်ပါက နိုင်ငံခြားဆားဝင်ရောက်မှုကိုလည်း ကာကွယ်နိုင်မည်ဖြစ်ပါသည်။

သစ်သီးဝလံ

          မွန်ပြည်နယ်၏ အခြားထွက်ကုန်တစ်ခုမှာ ကျွဲကော၊ ဒူးရင်း၊ နာနတ်၊ ရှောက်သံပုရာ၊ မင်းဂွတ်၊ ကြက်မောက်စသည့် သစ်သီးဝလံများမှာ ရာသီအလိုက်ထွက်ရှိသော ထွက်ကုန်တစ်မျိုးဖြစ်ပါသည်။ မွန်ပြည်နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျွဲကောသီးစိုက်ဧက (၂၈၂၂) ဧက၊ ခူးဧက (၂၀၈၉) ဧက၊ ထွက်ရှိမှု (၁၁၂၃၅၅၄၃) လုံး၊ ဒူးရင်းသီးစိုက်ဧက (၇၅၉၀) ဧက၊ ခူးဧက (၅၅၄၉) ဧက၊ ထွက်ရှိမှု (၀၄၉၃၈၁၁၉) လုံး၊ ရှောက်/သံပုရာသီးစိုက်ဧက (၂၆၇) ဧက၊ ခူးဧက (၂၂၀) ဧက၊ ထွက်ရှိမှု (၅၃၁၀၆၇၉) လုံး၊ နာနတ်သီးစိုက်ဧက (၆၄၀၃) ဧက၊ ခူးဧက (၄၈၇၄) ဧက၊ ထွက်ရှိမှု (၃၂၂၅၀၉၉၇) လုံးထွက်ရှိကြောင်း သိရှိရပါသည်။ ကျွဲကောသီး၊ ဒူးရင်းသီးများမှာ ဒေသတွင်းစားသုံးခြင်းနှင့် ပဲခူးနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ရှောက်/သံပုရာ၊ နာနတ်သီးများမှာ ဒေသတွင်းစားသုံးခြင်း၊ Value Added ယိုထိုးခြင်း၊ ရှောက်သီးဆေးပြားများပြုလုပ်ပြီး ခရီးသွားများ၊ ဘုရားဖူးပြည်သူများအနေဖြင့် မွန်ပြည်နယ်၏ဒေသထွက်လက်ဆောင်အဖြစ် ဝယ်ယူခြင်းများရှိကြောင်း သိရှိရပါသည်။

ဝဥ

          ဝဥမှာ နိုင်ငံခြားဈေးကွက်သို့ တင်ပို့ရောင်းချရသော ဒေသထွက်ကုန်တစ်မျိုးဖြစ်သည်။ လက်ရှိအချိန်တွင် မွန်ပြည်နယ်မှ အနည်းငယ်သာထွက်ရှိပြီး မြိတ်၊ ထားဝယ်၊ တနင်္သာရီ၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးတို့မှ ဝယ်ယူရပါသည်။ ဝဥထုတ်လုပ်မှုရာသီမှာ စက်တင်ဘာလမှ ဒီဇင်ဘာလအထိသာ ထုတ်လုပ်ရကြောင်း သိရှိရပါသည်။ ဝဥအစိုများကို ရေဆေးကြောသန့်စင်ပြီး အခွံခွာလှီးဖြတ်၍ အခြောက်ခံစက်ဖြင့် အခြောက်ခံရပါသည်။ ထွက်ရှိလာသောဝဥခြောက်များအား တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ အချို့မှာ ဝဥခြောက်မှုန့်လုပ်၍လည်း တင်ပို့ကြောင်းသိရှိရပါသည်။ မွန်ပြည်နယ်တွင် ဝဥအခြောက်ခံစက်ရုံ (၅) ရုံရှိကြောင်း သိရှိရပါသည်။

အခက်အခဲနှင့်စိန်ခေါ်မှုများ

          ကဏ္ဍအသီးသီးတွင် အခက်အခဲနှင့် စိန်ခေါ်မှုများအနေဖြင့် နည်းပညာလိုအပ်ချက်၊ မတည်အရင်းအနှီးများလိုအပ်ချက်၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရှာဖွေရန်လိုအပ်ချက်၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ သတင်းအချက်အလက်များ လိုအပ်လျက်ရှိပါသည်။

သုံးသပ်အကြံပြုချက်

         အထက်ပါ ဒေသထွက်ကုန်များသည် ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားအောင်ဆောင်ရွက်ရာတွင် အဓိကအရင်းအမြစ်များဖြစ်သည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားအောင် ဆောင်ရွက်ရာတွင် ဒေသတွင်းထွက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်သယံဇာတကုန်ကြမ်းများကိုအခြေခံကာ အရည်အသွေးကောင်းမွန်သည့်ကုန်ချောအမျိုးမျိုး၊ တန်ဖိုးမြင့်ထုတ်ကုန်အမျိုးမျိုးထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချခြင်း၊ သွင်းကုန်အစားထိုးစားသောက်ကုန်၊ လူသုံးကုန် စသည်တို့ကို တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် ကုန်သွယ်မှုလိုငွေပြမှုကို လျော့နည်းစေမည်ဖြစ်ပါသည်။

         ထိုကဲ့သို့ ကုန်ချောများထုတ်လုပ်နိုင်ရန်၊ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန်အတွက် လုပ်ငန်းရှင်များအား နိုင်ငံတော်မှ လိုအပ်သောနည်းပညာများပံ့ပိုးပေးခြင်း၊ ကာလတို၊ ကာလရှည် မတည်ရင်းနှီးငွေများထုတ်ပေးခြင်း၊ ပြည်တွင်း/ပြည်ပဈေးကွက်များ ရှာဖွေချိတ်ဆက်ပေးခြင်းများဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းရှင်များမှလည်း ရရှိလာမည့်ငွေကြေးများကို စနစ်တကျစီမံရင်းနှီးမြှုပ်နှံခြင်း၊ နည်းပညာများကို နည်းလမ်းမှန်စွာလက်တွေ့အသုံးချခြင်းဖြင့် Public Private Partnership-PPP ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး “ဒေသထွက်ကုန်များမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်ချီတက်ကြပါစို့” ဟု တိုက်တွန်းရေးသားတင်ပြအပ်ပါသည်။

DOCA(မွန်)