
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်းရှိ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် သဲကုန်းမြိုနယ်တို့တွင် ပြည်ပတင်ပို့ရန်နှင့် ပြည်တွင်းစားသုံးရန် ဆောင်းသီးနှံ ပဲမျိုးစုံကို စိုက်ပျိုးလျှက်ရှိသည့် အနက် ပဲတီစိမ်း ကိုလည်းစိုက်ပျိုးကြပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နတ်တလင်းခရိုင် အတွင်း ဆောင်းသီးနှံ( ပဲတီစိမ်း)ကို (၄၆၇၆၇)ဧက စိုက်ပျိုးပြီး ဇီးကုန်းမြို့နယ်တွင် အများဆုံးစိုက်ပျိုးထားရှိ ကြောင်း ဆောင်းသီးနှံ (ပဲတီစိမ်း) ကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖေါ်ဝါရီလ ပထမပတ်ခန့်၌ ရိတ်သိမ်းသွားမည်ဖြစ်ရာ စိုက်ပျိုးသည့် အချိန်မှ ရိတ်သိမ်းထွက်ရှိသည့် အချိန်အထိ အချိန်ကာလအားဖြင့် (၃)လကျော်ခန့်သာ ကြာမြင့်မှုရှိကြောင်း တောင်သူများသည် ဆောင်းသီးနှံ ဖြစ်သည့် ပဲတီစိမ်းကို (၁)ဧကစိုက်ပျိုးလျှင် (မျိုး၊ ထွန်ယက်ခ၊ အလုပ်သမားခ နှင့် သွင်းအားစု) အပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၅၅၀၀၀၀)ကျပ်ခန့် ရှိပြီး ယခင်နှစ် ပဲတီစိမ်းထွက်ရှိချိန်တွင် တစ်ဧက (၁၄)တင်းနှုန်းခန့် ထွက်ရှိပြီး အရောင်းအဝယ် ဖြစ်ခဲ့သောဈေးနှုန်းမှာ (၂၀)ပိဿာဝင် တစ်တင်းလျှင် (၁၇၀၀၀၀)ကျပ်ခန့်ဖြစ်သဖြင့် ယခုနှစ် ၂၀၂၆ခုနှစ် ဆောင်းသီးနှံ (ပဲတီစိမ်း) ရိတ်သိမ်းထွက်ရှိချိန်၌ ယခင်နှစ် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက် ပိုမို၍ ဈေးကောင်းရရှိပါက ပဲတီစိမ်းစိုက် တောင်သူများ အနေဖြင့် အကျိုးအမြတ် များစွာ ရရှိလာနိုင်မည်ဖြစ်ကြောင်းနှင့် တောင်သူများကလည်း ပဲဈေးနှုန်း ကောင်းမွန်ရန် လိုလားလျက်ရှိ ကြောင်း သိရပါသည်။
DOCA(ပဲခူး)
