မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မိုးနှောင်းဝါများ စတင်ထွက်ပေါ်နေပြီ ဖြစ်ရာ တောင်သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရလျက်ရှိကြောင်းသိရပါသည်။ ယခုနှစ် ဝါအစိုအခြောက်ပေါ်မူတည်၍ ဝါ တစ်ပိဿာလျှင် ကျပ်(၂၄၀၀)မှ ကျပ်(၂၅၀၀)အထိ အရောင်းအဝယ် ဖြစ်ပြီး ယခင်နှစ်က ဝါ တစ်ပိဿာလျှင် ကျပ်(၂၅၀၀) စျေးရရှိကြောင်း ဝါစိုက်တောင်သူတစ်ဦးထံမှ သိရပါသည်။ မြို့သစ်မြို့မှ ဝယ်ယူသည့် ပွဲရုံများ၌ တစ်နေ့လျှင် ဝါပိဿာချိန် (၅၀၀)ပိဿာမှ (၁၀၀၀)ပိဿာအထိ အရောင်းအဝယ်ရှိကြောင်း ဝါအဝယ်ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ပြောပြချက်အရလည်း သိရပါသည်။
မြို့သစ်မြို့နယ်တွင် ယခင်က ဝါစိုက်ဧက (၂၃၇၅၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကဝါပိဿာချိန် (၆၀၀)ပိဿာထွက်ရှိကြောင်း၊ ယခုနှစ်တွင်ဝါ စိုက်ဧက(၂၃၄၇၈) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
DOCA(မကွေး)