ဈေးကွက်မှာ မြင်တွေ့ရတော့မယ့် မြန်မာ့သနပ်ခါးအခြေခံတိုင်းရင်းဆေးများ

Powered by Drupal

        သနပ်ခါးဆိုတာ မြန်မာလူမျိုးများနဲ့ ခွဲခြားဖို့မဖြစ်နိုင်တဲ့ အသုံးအဆောင်တစ်မျိုး ဖြစ်ပါတယ်။ မြန်မာလူမျိုးအရွယ်စုံ၊ အလွှာစုံနှစ်သက်တဲ့ မြန်မာ့သနပ်ခါးကို ရှေးအစဉ်အဆက် ကပင် အသားအရည်မှာလိမ်းခြယ်ဖို့သာမက ဆေးဝါးအဖြစ်လည်း သုံးစွဲလာခဲ့ကြပါတယ်။ သနပ်ခါးသည် စိတ်ကြည်လင် လန်းဆန်းဖွယ်ရာ သင်းပျံ့သောရနံ့နှင့်ပြည့်စုံခြင်း၊ အသားအရေ ကို အေးမြစေ ခြင်း၊ အသားအရေကို ချောမွတ်စေခြင်း၊ သနပ်ခါး လိမ်းကျံသူအား လှပစေခြင်း စသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသဖြင့် ရှေးခေတ်နန်းတွင်းသူများမှအစ ကောက်စိုက်သမများ အဆုံး သနပ်ခါးကို စွဲစွဲမက်မက်သုံးစွဲကြခြင်းပင် ဖြစ်ပါတယ်။ မြန်မာ့သနပ်ခါးသည် “သနခါး” ဟူသော စကားရပ် မှ ဆင်းသက်လာပြီး “သန” ဆိုသည်မှာ အညစ်အကြေးဟု အဓိပ္ပာယ်ရပြီး “ခါး” ဆိုသည်မှာ စွန့်ထုတ်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုသည့်အတွက် သနပ်ခါးသည် မကောင်းသော အညစ်အကြေး များကို စွန့်ထုတ်ပေးသည့်အရာဟု မောင်မြနန်း (ရေစကြို)၏ မြန်မာ့နံသာမြေဆောင်းပါးတွင် ရေးသားဖော်ပြထားပါတယ်။

       နွေရာသီလိုမျိုးပူပြင်းတဲ့အခါ သနပ်ခါးရေကျဲလေးလူးပေးတာက အသားအေးသွားစေ တယ် ဆိုတာနဲ့ နေရောင်ခြည်ကြောင့် အသားအရေနေလောင်တာတွေကိုလည်း သနပ်ခါး လူးပေးရင် သက်သာစေတယ်ဆိုတဲ့ သနပ်ခါးရဲ့ကောင်းကျိုးတွေကို မသိသူမရှိလောက်ပါဘူး။ သနပ်ခါးက အရေပြားကိုခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်ပေးနိုင်တဲ့သဘာဝဆေးတစ်မျိုး လို့ ဆိုနိုင်ပါတယ်။ သနပ်ခါးမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ များစွာပါဝင်နေပါတယ်။ သနပ်ခါးအခေါက်(အပွေး)က ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တဲ့ အစွမ်းရှိတာကြောင့် မျက်နှာအသားအရေကိုနုပျိုစေပါတယ်။ ဝက်ခြံထွက်နေတဲ့သူတွေအနေနဲ့လည်း သနပ်ခါးကို လူးပေးလို့ရပါတယ်။ သနပ်ခါးက ဝက်ခြံတွေကိုသက်သာစေနိုင်သလို ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

       သနပ်ခါးရဲ့ အေးမြမှုနဲ့ မွှေးရနံ့ကကိုယ်ရောစိတ်ပါ ကြည်လင်စေပါတယ်။ ရေချိုးပြီး သနပ်ခါးအေးအေးလေးလူးလိုက်တာက ပင်ပန်းမှုတွေကိုပြေလျော့စေပါတယ်။ အသေးစား ထိခိုက်ရှနာဒဏ်ရာတွေကိုလည်း သနပ်ခါးလူးပေးလို့ရပါတယ်။ အသားဖြူချင်သူတွေ အတွက် လည်း သနပ်ခါးကဘေးဥပါဒ် မရှိတဲ့ဆေးတစ်မျိုးပါ။ ဆီပူလောင်၊ ရေနွေးပူလောင်တာတွေ။ အရေပြားယားယံတာတွေအတွက်လည်း သနပ်ခါးကအသုံးတည့်ပါတယ်။ သနပ်ခါးအမြစ်တုံးကို သွေးလူးပေးမယ်ဆိုရင် အသားချောပြီးဝက်ခြံကင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာဖြစ် တယ်လို့ အလှအပရေးရာပညာရှင်တွေက ဆိုကြပါတယ်။

သနပ်ခါးပင်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများ

        သနပ်ခါးသည် အရွက်ကနေစလို့ အမြစ်အထိအသုံးတည့်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ မြန်မာ့ဆေးကျမ်းများအရ “သနပ်ခါးသည် ပူ၏။ သွေးကိုကြွစေတတ်၏။ ပူ၊ခါး၊ချုပ်၊ပွင့် ဖြစ်၏။ ငန်းမန်းကို နိုင်စေ၏။ အပူနာ၊ အအေးနာ၊ နှစ်မျိုးစလုံးနိုင်၏” လို့ ဆိုထားပါတယ်။

အရွက်

      အရွက်ကို ဝက်ရူးပြန်ရောဂါဆေးတွင် သုံးနိုင်ကြောင်း၊ အနာကြီးရောဂါသည်များအတွက် အရွက်ကိုပြုတ်၍ ရေချိုးပြီးချွေးအောင်းရကြောင်း၊ အရွက်ပြုတ်ရည်ကို ဆားများများခတ်၍ သောက်ပါက ငှက်ဖျားရောဂါ ပျောက်ကင်းနိုင်ကြောင်း၊ အနာဝင်လျှင် အရွက်ကိုကြိတ်၍ ဆန်ဆေးရေနှင့် သောက်ရကြောင်း၊ အရွက်ကို အခြောက်လှမ်းအမှုန့်ပြုပြီး ကွမ်းသီးလုံးခန့် ရေဖြင့်သောက်ပါက အဖောအရောင်၊ အနာအဆာနှင့် ကိုယ်တွင်းရောဂါဟူသမျှ ကင်းရှင်း ပျောက်ကင်းနိုင်ကြောင်း သိရှိရပါတယ်။

အသီး

        အသီးကို အဆိပ်ပြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန် သော အဖျားရောဂါများအတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြုကြပါတယ်။

အမြစ်

      အမြစ်ကို ဝမ်းနှုတ်ဆေး၊ ချွေးထုတ်ဆေးတို့တွင် သုံးကြကြောင်း၊ အမြစ်ကို နနွင်းနှင့် သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါများလည်း ပျောက်ကင်းနိုင်ကြောင်း၊ ကလေးချွဲကြပ်ပါက အမြစ်ကို သွေး၍ ကွမ်းရွက်စိမ်းရည်နှင့် ဆတူတိုက်က ချွဲအမြန်ကျစေနိုင်ကြောင်း၊ သနပ်ခါးမြစ်၊ ပန်းနုအမှုန့် ၅-ပဲသားစီကို ပျားရည် ၆-ပဲသားနှင့်ရော၍ စားသုံးသော် မြွေဆိပ်ပျောက်ကင်းနိုင် ကြောင်း၊ သနပ်ခါးမြစ်မှုန့် သုံးကျပ်သားကို သကြား၊ ပျားရည်နှင့် ရောလျက်သောက်ပါက အစာအိမ်ရှိ အဆိပ်ပြေစေနိုင်ကြောင်း မြန်မာ့ဆေးကျမ်းများက ဆိုထားပါတယ်။

     သနပ်ခါးကို မြန်မာနိုင်ငံရှိတက္ကသိုလ်များနှင့် ပြည်ပတက္ကသိုလ်များ၊ အဖွဲ့အစည်းများက သိပ္ပံနည်းကျ ဓာတ်ခွဲသုတေသနပြုမှုများ ဆောင်ရွက်ရာတွင်လည်း သနပ်ခါးသည် လူ့ခန္ဒာ ကိုယ်အကျိုးပြုဒြပ်ပေါင်းများ (Bioactive compounds) ပါဝင်ကြောင်း၊ ဘေးထွက်ဆိုးကျိုးများ ပါဝင်မှုမရှိကြောင်း၊ အလှကုန်ပစ္စည်းများအတွက် လိုအပ်သောအရင်းအမြစ်များပါရှိကြောင်း၊ ထိုအချက်များအရ သနပ်ခါးကိုစိတ်ချယုံကြည်စွာအသုံးပြုနိုင်ကြောင်းတို့ကို သုတေသနပြုပြီး ထောက်ခံရေးသားမှုများအများအပြားရှိကြောင်း သိရှိရပါတယ်။

      လူကြိုက်များလှတဲ့ မြန်မာ့သနပ်ခါးကို သဘာဝအတိုင်းသုံးစွဲကြသကဲ့သို့ တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ်လည်း ထုတ်လုပ်ရောင်းချကြတာကိုလည်း တွေ့ရပါတယ်။ သနပ်ခါးကို အလှကုန်ပစ္စည်းတွေ၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေထဲမှာ ထုတ်လုပ်လျှက်ရှိကြ ပါတယ်။ ဒါတွေကတော့ မျက်နှာပေါင်းတင်ဆေး၊ သနပ်ခါးခရင်မ်၊ ဖောင်ဒေးရှင်း၊ ဆပ်ပြာ၊ ဘော်ဒီလိုးရှင်း၊ ရေမွှေးတို့ ဖြစ်ကြပါတယ်။ ဒါ့အပြင် အသုံးအဆောင်များဖြစ်တဲ့ သနပ်ခါး စိတ်ပုတီး၊ ယပ်တောင်၊ သနပ်ခါးနံ့သာခေါင်းအုံးနှင့် တခြားတန်ဖိုးမြှင့်ထုတ်ကုန်တချို့ကို ဈေးကွက်မှာတွေ့ရှိနေရပြီ ဖြစ်ပါတယ်။

         မြန်မာ့သနပ်ခါးဟာ အသားအရေအတွက်ကောင်းကျိုးပြုနိုင်ရုံသာမက ဆေးဖက်ဝင် တဲ့    အပင်တစ်မျိုးလည်းဖြစ်တာကြောင့် ဆေးဝါးများအဖြစ်ထုတ်လုပ်ကာ တိုင်းရင်းဆေးဝါး မှတ်ပုံတင်ပြီး တရားဝင်ရောင်းချနိုင်ရန်  စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း   မြန်မာနိုင်ငံ  သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းထံမှ သိရပါတယ်။ မြန်မာနိုင်ငံ  သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းအနေနဲ့ မြန်မာ့သနပ်ခါးနှင့် ပတ်သက် ပြီးတန်ဖိုးမြှင့်ထုတ်ကုန် အမြောက်အမြားထုတ်လုပ်နိုင်စေရန်၊ သဘာဝသနပ်ခါးဖြင့် တိုင်းရင်းဆေးအမယ်များစွာ  ထုတ်လုပ်ရောင်းချနိုင်စေရန်နှင့်    သနပ်ခါးအရွက်မှ တိုင်းရင်းဆေးဝါးများထုတ်လုပ်နိုင်ရန်  သက်ဆိုင် ရာ ကျွမ်းကျင်ပညာရှင်များနှင့်   ပူးပေါင်းဆောင်ရွက်လျှက်ရှိတာကြောင့် မကြာမီကာလတွင် မြန်မာ့သနပ်ခါးကိုအခြေခံတဲ့ အစွမ်းထက် တိုင်းရင်းဆေးဝါးများ  အမြောက်အများထုတ်လုပ်နိုင်တော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။

DOCA(စစ်ကိုင်း)