ယင်းမာပင်ခရိုင်အတွင်း၌ မိုးစပါးများ စတင်ရိတ်သိမ်းနေ

Powered by Drupal

           ယင်းမာပင်ခရိုင်အတွင်း၌ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့များတွင် နိုဝင်ဘာလကုန်ပိုင်းမှစ၍ မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်းဒေသခံတောင်သူများထဲမှ သိရှိရသည်။ ယခုနှစ်တွင် မိုးစပါးဧက (၁)သိန်းကျော်စိုက်ပျိုးထားရှိရာ(၂၅%)ခန့် ရိတ်သိမ်းပြီဖြစ်ကြောင်းလည်းသိရှိရသည်။

          ခရိုင်အတွင်း၌ ဧရာမင်းလုံသွယ်မွှေးနှင့် မနောသုခစပါးမျိုးများကိုအဓိက စိုက်ပျိုးထားရှိရာ ယခုလက်ရှိတွင် လုံးသွယ်မွှေးစပါးများကိုအဓိက ရိတ်သိမ်းနေကြောင်း၊ လုံးသွယ်မွှေးစပါးစိုက်ဧကမှာ နှစ်စဉ်ဧက(၂)သောင်းကျော်ပုံမှန်စိုက်ပျိုးကြောင်း ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ပုံမှန်မိုးရွာသွန်းမှု များရှိခဲ့သည့်အတွက် အထွက်နှုန်းနှင့် အရည်အသွေးပါ ကောင်းမွန်ခဲ့ကြောင်း တစ်ဧက တင်း(၇၀) ဝန်းကျင်ခန့်ထွက်ရှိခဲ့ကြောင်း လက်ရှိဒေသတွင်းဈေးကွက်၌ လုံးသွယ်မွှေးစပါး တင်း(၁၀၀)လျှင် ငွေ ကျပ်(၁၁.၅)သိန်းပေါက်ဈေးရှိပြီး လုံးသွယ်မွှေးဆန်တစ်အိတ်လျှင် (၄၇၀၀၀)ကျပ်ပေါက်ဈေးရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

          ဧရာမင်းစပါးမှာ ဧကအနည်းငယ်သာရိတ်သိမ်းနေရသေးသည့်အတွက် ပေါက်ဈေးမဖွင့်သေး ကြောင်း လုံးသွယ်မွှေးဈေးနှုန်းနှင့် ကွာဟချက်သိပ်မရှိနိူင်ကြောင်း ဒီဇင်ဘာလအတွင်း၌ မိုးစပါး အားလုံး လှိုင်လှိုင်ရိတ်သိမ်းထွက်ရှိတော့မည်ဖြစ်ကြောင်းယခုလက်ရှိ စပါးရိုးပြတ်များတွင် သီးထပ် အဖြစ် ကုလားပဲသီးနှံနှင့် နေကြာသီးနှံများကို ရာသီအမီရေပေးသွင်း၍ စိုက်ပျိုးလျှက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)