ပြည်ခရိုင်တွင် မိုးစပါး စိုက်ဧကမှာ (၂၂၆၄၉၆)ဧကရှိပြီး ပြည်မြို့နယ်တွင် ၇၄၆၄၂ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၄၆၇၅၃ဧက၊ ပန်းတောင်းမြို့နယ်တွင် ၄၆၉၃၄ဧက၊ ရွှေတောင်မြို့နယ်တွင် ၅၈၁၆၃ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ စိုက်ပျိုးသောစပါးမျိုးများမှာ အင်းလယ်၊ ဆင်းသွယ်လတ်၊ မနောသုခ၊ ကျော်ဇေယျ၊ ဧရာမင်း၊ မှော်ဘီ၊ အင်းမရဲဘော်နှင့် ထိုင်းနှံကောက် စပါးမျိုးများ ဖြစ်ပါသည်။ ယခုအချိန်တွင် ဧက(၅)သောင်းကျော်ရိတ်သိမ်းပြီး အထွက်နှုန်းအနေဖြင့်ပျမ်းမျှ တင်း ၇၀ခန့်ထွက်သည်ဟု သိရှိရပါသည်။
တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က ၃သိန်းကျော်သာ ကုန်ကျပြီး၊ ယခုနှစ်တွင် ၅သိန်းကျပ်ခန့် ကုန်ကျကြောင်း သိရှိိရပါသည်။ ယခုနှစ်တွင် ကုန်ကျစရိတ်များခြင်းမှာ သွင်းအားစုဈေးနှုန်းများမြင့်တက်လာသောကြောင့်ဖြစ်ပါသည်။ တစ်ဧက အထွက်တင်း၇၀တင်း ထွက်ရှိမည်ဆိုပါက စပါးစိုက်တောင်သူများအနေဖြင့် တစ်ဧကအသားတင်အကျိုးအမြတ်မှာ ၂၇၀၀၀၀ကျပ်ခန့် ရရှိပါသည်။ စပါးဈေးမှာ စတင်ထွက်ပေါ်စအချိန်တွင် (၄၆)ပေါင်တင်း၁၀၀လျှင် ၁၀သိန်းကျပ်ရှိပြီး ယခုလတွင် စပါးအမျိုးအစားအရည်အသွေးကိုလိုက်၍ ၁၂သိန်းကျပ်အထိ ဈေးကောင်းရလျှက်ရှိပါသည်။ ဆန်သစ် (၁၀၈)ပေါင် တစ်အိတ်လျှင် ၄၁၀၀၀ကျပ် မှ ၄၃၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ဆန်ကွဲတစ်အိတ်လျှင် ၃၄၀၀၀-၃၆၀၀၀ကျပ် နှင့် ဖွဲနုတစ်ပေါင်လျှင် ၃၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဆန်ဈေးကွက်အနေဖြင့် အခြားတိုင်းဒေသကြီးနှင့် ဒေသအတွင်းသာ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)