ရွှေတောင်မြို့နယ်တွင် ဖရဲသီးများထွက်ရှိ၍ အရောင်းအဝယ်ဖြစ်

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဖရဲသီးများ စတင်ထွက်ပေါ်ပြီး ဈေးကွက်တွင် ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ရွှေတောင်မြို့နယ်အနေဖြင့် ဖရဲသီးစိုက်ပျိုးဧက(၁၀၀)နီးပါးရှိပြီး မီးလောင်အုပ်စုတွင် ဧက (၂၀)ခန့် စိုက်ပျိုးထားသည်ဟု သိရှိရပါသည်။ ဖရဲသီးကို မေလမှစ၍ ဖေဖော်ဝါရီလအတွင်းစိုက်ပျိုးကြပါသည်။ ဖရဲသီးတစ်ဧကလျှင် ဖရဲပင်ပေါင်း ၂၀၀၀ကျော်ခန့် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး (၂)လအတွင်း အသီးများ စတင်ဆွတ်ခူးရပါသည်။ ဖရဲတစ်ဧက စိုက်ပျိုး ထုတ်လုပ်ကုန်ကျစရိတ်မှာ (၆)သိန်းကျပ်ခန့်ကုန်ကျ၍ ထွက်ရှိလာသော ဖရဲသီးအလုံး အကြီး၊ အသေးပေါ် မူတည်၍ အခင်းပြတ်ရောင်းချရာ ကျပ်(၉)သိန်း ကျော်ရရှိသည့်အတွက် တစ်ဧကလျှင် အသားတင် အကျိုးအမြတ်အနေဖြင့် (၃)သိန်းကျပ်ခန့်ရရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်တွင် ဖရဲတစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၃)သိန်းကျပ်ခန့်သာကုန်ကျပြီး ယခုနှစ်တွင် သွင်းအားစုများ၊ စိုက်စရိတ်ဈေးနှုန်းများကြီးမြင့်လာသည့်အတွက် ယခင်နှစ်ထက် တစ်ဆခန့် မြင့်တက်လာပါသည်။ ယခင်နှစ်တွင် တစ်ဧကအခင်းပြတ် ရောင်းချသည့်ဈေးမှာ (၉)သိန်းကျပ်ခန့် ရရှိသည့်အတွက် ယခုနှစ်အတိုင်း ဈေးငြိမ်နေကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ်တွင် ဖရဲစိုက် တောင်သူ အသားတင်အကျိုးအမြတ်မှာ (၆)သိန်းကျပ်ခန့်ရရှိခဲ့သဖြင့် ယခုနှစ်ထက်စာလျှင် အကျိုး အမြတ် ပိုမိုရရှိခဲ့ပါသည်။ ယခုနှစ်တွင် ဖရဲစိုက်ပျိုးသူတောင်သူများအနေဖြင့် အကျိုးအမြတ် များလျော့နည်းသွားခြင်းမှာ သွင်းအားစုနှင့်စိုက်စရိတ်များကြီးမြင့်လာခြင်း၊ ဖရဲသီးဈေးမှာ ယခင်နှစ် ကအတိုင်း ဈေးငြိမ်နေခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

       ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ဝါလည်ကျေးရွာတွင် ဖရဲသီးကိုဆောင်းရာသီတွင် စိုက်ပျိုးကြပြီး ထွက်ရှိလာသောဖရဲသီးများကို ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ဝါလည်ကျေးရွာတွင် တဲများထိုး၍ ရောင်းချကြောင်း သိရှိရပါသည်။ ဈေးနှုန်းများအနေဖြင့် အလုံး အကြီး၊ အသေးအလိုက် ၁၀၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ ရောင်းချကြောင်း သိရှိရပါသည်။ ဖရဲသီးမှာလူကြိုက်များပြီး စားသုံးမှုများသဖြင့် ပြည်တွင်းဈေးကွက်အနေဖြင့် ပြည်မြို့သို့တင်ပို့ရောင်းချသလို ရန်ကုန်မြို့သို့လည်း တင်ပို့ ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)